Top News

အပြင်မှဝေဖန်မှုများကိုနားမထောင်ဘဲ အောင်မြင်မှုရရေးအတွက်သာ အာရုံစိုက်ထားကြရန် လီဗာပူးလ်အသင်းဖော်များအား အသင်းခေါင်းဆောင် ဗန်ဒိုက် တိုက်တွန်း
24htopnews | January 11, 2025 2:12 PM CST

 

လီဗာပူးလ်အသင်း၏ အသင်းခေါင်းဆောင် ဗန်ဒိုက်က အပြင်မှဝေဖန်မှုများကို နားမထောင်ဘဲ ၎င်းတို့အသင်း အောင်မြင်မှုရရေးအတွက်သာ အာရုံစိုက်ထားကြရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အမှတ်ဖြတ်ဦးဆောင်နေသလို Format အသစ်ဖြင့် ကျင်းပနေသည့် ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase အဆင့်တွင်လည်း အမှတ် ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။ သို့သော် ပြီးခဲ့သည့်နောက်ဆုံး နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင်ရုန်းကန်နေရပြီး အဆင့် ၁၃ နေရာအထိ ရောက်ရှိနေသည့် မန်ယူအသင်းကို အိမ်ကွင်းတွင် (၂-၂) ဖြင့် သရေသာ ကစားနိုင်ခဲ့သလို ဇန်နဝါရီ ၈ ရက်က ကစားခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင်လည်း စပါးအသင်းကို အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ယင်းသို့နှစ်ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် လီဗာပူးလ်အသင်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး မန်ယူနှင့်ပွဲတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် အာနိုးလ်မှာ ဆိုးရွားသည့်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အပြင်မှဝေဖန်မှုများကို နားမထောင်ဘဲ အသင်းအတွက် အာရုံစိုက်ထားရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဗန်ဒိုက်က "အပြင်က ဆူညံသံတွေကို ကျွန်တော်တို့ နားထောင်စရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ရာသီအစတုန်းက ကျွန်တော်တို့အသင်းအနေနဲ့ ဒီနေရာကို ရောက်နေမယ်လို့ ဘယ်သူမှ မတွေးခဲ့ကြပါဘူး။ ဒီတော့ အပြင်က ဆူညံသံတွေကို ကျွန်တော်တို့ နားထောင်စရာမလိုပါဘူး"ဟု ပြောကြားသည်။ 

ထို့ပြင် လူမှုကွန်ရက်မှ ဝေဖန်မှုများမှာ အသင်းကစားသမားအချို့ကို ထိခိုက်နိုင်ကြောင်းလည်း ဗန်ဒိုက် ဝန်ခံခဲ့သည်။ "လူမှုကွန်ရက်တွေက လူတွေရဲ့ဘဝမှာ ကြီးမားတဲ့အစိတ်အပိုင်း ဖြစ်လာခဲ့တာပါ။ အဲဒီလူမှုကွန်ရက်က ဝေဖန်မှုတွေကိုဖတ်ပြီး စိတ်ထိခိုက်နိုင်တဲ့ အသင်းကစားသမားတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းမှာ လူတိုင်းရဲ့ ခံစားချက်ကို မထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် အခုလိုတိုက်တွန်းနေရတာပါ"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ယနေ့တွင် FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် League Two ကလပ် အက်ခရင်တန်အသင်းကို အိမ်ကွင်း၌  လက်ခံကစားရမည်ဖြစ်သည်။ ယင်းနောက် လီဗာပူးလ်အသင်းသည် ဇန်နဝါရီ ၁၆ ရက် တွင် ပကျော့၌ ရှုံးနိမ့်ခဲ့သည့် အဆင့်သုံးနေရာမှ နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ဆက်လက်ကစားရမည်ဖြစ်သည်။ ထို့ပြင် လီဗာပူးလ်အနေဖြင့် ယခုလအတွင်း လိဂ်ဖလားနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကိုပါ ကစားရမည်ဖြစ်သည်။ ထို့ကြောင့် ဗန်ဒိုက်က အသင်းအောင်မြင်ရေးအတွက်သာ အာရုံစိုက်ထားကြရန် အသင်းဖော်များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK