Top News

အအောင်မြင်ဆုံးနဲ့ လက်ရှိချန်ပီယံ ထိပ်တိုက်တွေ့တဲ့အခါ . . .
24htopnews | January 11, 2025 2:12 PM CST

လီဗာပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တယ်ဆိုပေမဲ့ ၅ ပွဲဆက် နိုင်ပွဲပျောက်ထားတာကြောင့် နိုင်ပွဲပြန်ယူနိုင်ဖို့က မန်ယူအသင်းအတွက် အရေးတကြီးလိုအပ်ချက်ဖြစ်နေပါပြီ။ ဒီအချိန်မှာ ဆုဖလားမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ပွဲ ကစားရမယ့်အခြေအနေလည်း ဖြစ်လာပါတယ်။ ရင်ဆိုင်ရမှာကလည်း အစဉ်အလာပြိုင်ဘက်အသင်း ဖြစ်နေပါတယ်။ ဒါကြောင့် မန်ယူအသင်းနဲ့ အာမိုရင်မ်တို့အတွက် နိုင်မှဖြစ်မယ်ဆိုတဲ့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။ မန်ယူအသင်းက လက်ရှိအနေအထားအရ ပရီးမီးယားလိဂ်မှာ ဥရောပဝင်ခွင့်တောင် မျှော်လင့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အဆင့် ၁၀ အတွင်း ပြန်ရောက်ရင်ပဲ ကျေနပ်ရလိမ့်မယ်လို့ လှောင်ပြောင်မှုတွေလည်း ရှိနေပါတယ်။ လိဂ်ဖလားတစ်လုံးကိုလည်း စောစောစီးစီးဆုံးရှုံးခဲ့ရပြီးပါပြီ။ ဒီတော့ FA ဖလားနဲ့ ယူရိုပါလိဂ်ဘက်ကိုသာ ပုံအောရတော့မှာပါ။ ဒါဆို အာဆင်နယ်ကရော။ အာဆင်နယ်က ဖလား ၄ ခုစလုံးရဲ့ ပြေးလမ်းပေါ်မှာ ဆက်ရှိနေဆဲဆိုပေမဲ့ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားမှာတော့ ကျားသနားမှ နွားချမ်းသာမယ့်ကိန်းမျိုး ဖြစ်နေပါပြီ။ လီဗာပူးလ်အမှတ်လျော့ချိန်မှာလည်း အခွင့်အရေးမယူနိုင်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ ဒီရာသီလည်း နှမလက်လျှော့နေလေတော့လို့သာ သဘောထားရဖို့ အလားအလာများနေပါတယ်။


READ NEXT
Cancel OK