Top News

■ ၂၀၂၅ ခုနှစ်အတွက် CIES မှ ထုတ်ပြန်ခဲ့သည့် တန်ဖိုးအကြီးဆုံးကစားသမားစာရင်းတွင် ရီးယဲလ်ကစားသမား ဘယ်လင်ဂမ် ယူရို(၂၅၁)သန်းဖြင့် ဦးဆောင်     
24htopnews | January 10, 2025 4:12 PM CST

နာမည်ကျော် ဘောလုံးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် CIES မှ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် တန်ဖိုးအကြီးဆုံးကစားသမားစာရင်းတွင် ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က ယူရို(၂၅၁)သန်းဖြင့် ဦးဆောင်ခဲ့ကြောင်း သိရသည်။

    

CIES သည် တန်ဖိုးအကြီးဆုံး ကစားသမား(၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအသက်အရွယ်၊ စာချုပ်သက်တမ်းနှင့် အနာဂတ်အလားအလာများကို အခြေခံတွက်ချက်ခြင်းဖြစ်သောကြောင့် အသက်အရွယ်ကြီးရင့်သည့် ကစားသမားများမှာ တန်ဖိုးလျော့ကျခဲ့ကြောင်း သိရသည်။ 

အင်္ဂလန်ကစားသမား ဘယ်လင်ဂမ်သည် အသက်(၂၁)နှစ်သာ ရှိသေးသည့်အပြင် ရီးယဲလ်အသင်း၏ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသောကြောင့် ယူရို(၂၅၁.၄)သန်းဖြင့် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

ဒုတိယနေရာတွင် မန်စီးတီးနှင့် နော်ဝေတိုက်စစ်မှူး ဟာလန်းက ယူရို(၂၂၁.၅)သန်းဖြင့် ရပ်တည်ခဲ့ပြီး ရီးယဲလ်နှင့် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ယူရို(၂၀၅.၇)သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ 

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဆုများကို ဗင်နီစီယပ်စ်နှင့် အပြိုင်လုခဲ့သည့် မန်စီးတီးနှင့် စပိန်ကွင်းလယ်ကစားသမား ရိုဒရီမှာမူ လာမည့်ဇွန်လတွင် အသက် (၂၉)နှစ် ပြည့်မည်ဖြစ်သည့်အတွက် ယူရို(၇၀.၆)သန်းဖြင့် အဆင့်(၇၃)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

    

တန်ဖိုးအကြီးဆုံးကစားသမား(၁၀)ဦးထဲတွင် ရီးယဲလ်ကစားသမား (၄)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ဘယ်လင်ဂမ်၊ ဗင်နီစီယပ်စ်တို့နှင့်အတူ ဘာပေနှင့် ရိုဒရီဂိုတို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်း၏ ကြယ်ပွင့်ကစားသမား ယမားလ်က ယူရို(၁၈၀.၃)သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပြီး အာဆင်နယ်တောင်ပံကစားသမား ဆာကာက ယူရို(၁၅၇.၃)သန်းဖြင့် ဆဋ္ဌမနေရာ ရပ်တည်ခဲ့သည်။


READ NEXT
Cancel OK