Top News

တောင်ကိုရီးယား၏ အခြေခံဥပဒေဆိုင်ရာခုံးရုံး၏ ဆုံးဖြတ်ချက်ကို သမ္မတယွန်းဆော့ယိုက လက်ခံမည်ဟု ၎င်း၏ရှေ့နေက ပြောကြား
24htopnews | January 10, 2025 4:12 PM CST

တောင်ကိုရီးယား၏ အခြေခံဥပဒေဆိုင်ရာခုံးရုံး၏ ဆုံးဖြတ်ချက်ကို သမ္မတယွန်းဆော့ယိုက လက်ခံမည်ဟု ၎င်း၏ရှေ့နေတစ်ဦးက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးသည် ယွန်းအားလွှတ်တော်က စွပ်စွဲပြစ်တင်ထားသည့်အမှုကို ဆုံးဖြတ်သွားမည်ဖြစ်ပြီး ခုံရုံးအနေဖြင့် ၎င်းအား သမ္မတရာထူးမှဖယ်ရှားရန် ဆုံးဖြတ်ခဲ့မည်ဆိုသည့်တိုင် ထိုဆုံးဖြတ်ချက်ကို လက်ခံသွားမည်ဟု ယွန်း၏ရှေ့နေဖြစ်သည့် ယွန်းကက်ဘ်ကွမ်က ပြောကြားခဲ့သည်။

“အခြေခံဥပဒေဆိုင်ရာခုံးရုံးက သမ္မတကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် လက်မခံလို့ မရပါဘူး”ဟု ယွန်းကက်ဘ်ကွမ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယွန်းအနေဖြင့် အခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်ကို လက်ခံမည်ဟုတ်၊ မဟုတ်သတင်းထောက်များက မေးမြန်းချိန်တွင် ယွန်း၏ရှေ့နေကထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

နာရီပိုင်းအကြာတွင် လွှတ်တော်ကယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပြီးပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက်နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့နောက် လွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် သမ္မတတာဝန်များကို ထမ်းဆောင်ခွင့်ဆိုင်းငံ့ခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် တောင်ကိုရီးယားနိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးရွား ဆုံးနိုင်ငံရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်။

ယွန်းသည် ဒီဇင်ဘာ ၂၇ ရက်က တရားရုံးတွင် ကြားနာစစ်ဆေးမှုခံယူရန် ဆင့်ခေါ်မှုကို လာရောက်ခြင်းမရှိဘဲ ဖီဆန်ခဲ့သော်လည်း ယွန်းသည်ထိုအမှုကို လူကိုယ်တိုင်ချေပပြောဆိုရန် ဆန္ဒရှိခဲ့ကြောင်း ၎င်း၏ ရှေ့နေများက ပြောကြားခဲ့သည်။

ဆိုင်းငံ့ခံထားရသည့် သမ္မတယွန်းသည်  ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုနှင့် ပတ်သက်ပြီး သီးခြား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးသူများ၏ ဆင်ခေါ်မှုများကိုလည်း ငြင်းပယ်ခဲ့သည်။

ယွန်းသည် မည်သည့်နေရာတွင်ရှိနေသည်ဆိုခြင်းကို ထင်ကြေးပေးမှုများထွက်ပေါ်နေချိန်တွင် သမ္မတသည် လက်ရှိတွင် ၎င်း၏ တရားဝင်နေအိမ်တွင်ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်း၏ ရှေ့နေကပြော ကြားခဲ့သည်။

သမ္မတဆိုင်ရာလုံခြုံရေးအစောင့်များက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ယွန်းအားဖမ်းဆီးရန် သမ္မတအိမ်တော်သို့လာရောက်သည့် စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များကို တားဆီးခဲ့သည်။

စုံစမ်းစစ်ဆေးသူများကမူ ယွန်းကို ဖမ်းဝရမ်းဖြင့်ဖမ်းဆီးရန် ယွန်း၏ လုံခြုံရေးများချထားသည့် အတားအဆီးများနှင့် အစောင့်များကို ဖောက်ထွက်သွားမည်ဟု ပြောကြားထားသည်။

ယွန်းကမူ ၎င်းအား ဖမ်းဆီးရန်အားထုတ်ကြိုးပမ်းမှုများသည် နိုင်ငံရေးအရစေ့ဆော်မှုဖြစ်ပြီး ပြည်သူ့မြင်ကွင်းတွင် ၎င်းအားလက်ထိပ်ခတ်ပြီးခေါ်ဆောင်ကာ သိက္ခာချလိုသည့် လုပ်ဆောင်ချက်အဖြစ် ရှုမြင်ထားကြောင်း ၎င်း၏ နောက်ထပ်ရှေကနေတစ်ဦးက ပြောကြားခဲ့သည်။          

Ref: Reuters


READ NEXT
Cancel OK