Top News

ဂျာမန်လက်ရွေးစင်အသင်းကို နောင်တစ်ချိန်မှသာ မိမိကိုင်တွယ်နိုင်လိမ့်မည်ဟု ယာဂန်ကလော့ပ်ဆိုခဲ့ပြီး လက်ရှိထွက်ပေါ်နေသောသတင်းများကို ငြင်းဆန်ပယ်ချ
24htopnews | January 10, 2025 3:13 PM CST

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဂျာမန်လက်ရွေးစင်အသင်းနည်းပြရာထူးကို နောင်တစ်ချိန်မှသာ မိမိအနေဖြင့် တာဝန်ယူနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ပြီး လက်ရှိထွက်ပေါ်နေသာ သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။

ဂျာမနီလက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ(၁၇)ရက်နေ့က ကစားခဲ့သော UEFA Nations League အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပြိုင်ဘက်စပိန်အသင်းအား အဝေးကွင်းတွင် (၀-၆)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည်။

နှစ်ပေါင်း (၉၀)နီးပါးအတွင်း အဆိုးရွားဆုံးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သော ယင်းရှုံးပွဲအပြီးတွင် ဂျာမန်လက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုး၏ အနာဂတ်မှာ လှုပ်ခတ်လာပြီး သူ၏နေရာတွင် နည်းပြသစ်ဖြင့် အစားထိုးတော့မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)ဥက္ကဋ္ဌ ဖရစ်ဇ်ကယ်လာ ကိုယ်တိုင်က ယော်ကင်လိုးဘက်မှ ထောက်ခံခဲ့ပြီး ၎င်းအား လာမည့်နှစ်တွင် ကျင်းပမည်ဖြစ်သော ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဆက်လက်တာဝန်ပေးသွားမည်ဟု ပြောကြားခဲ့သော်လည်း ဂျာမန်လက်ရွေးစင်အသင်းနည်းပြ အပြောင်းအလဲ ထင်ကြေးသတင်းများမှာ အဆက်မပြတ်ထွက်ပေါ်နေခြင်းဖြစ်သည်။

ယော်ကင်လိုး၏နေရာတွင် ယာဂန်ကလော့ပ်က အစားထိုးတာဝန်ယူဖွယ်ရှိသည်ဟု သတင်းအချို့က ထင်ကြေးပေးဖော်ပြခဲ့ကြပြီး ယင်းသတင်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့် စနေနေ့တွင် ယာဂန်ကလော့ပ်က ရှင်းလင်းပောကြားခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က ကစားခဲ့သော လီဗာပူးလ် - လက်စတာပွဲအတွက်ပြုလုပ်သည့် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ယာဂန်ကလော့ပ်က ''အနာဂတ်မှာ ဆိုရင်တော့ ဂျာမနီလက်ရွေးစင်အသင်းကို ကျွန်တော် တာဝန်ယူတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ အချိန်မရှိလို့ပါ။ ကျွန်တော့်မှာ လက်ရှိတာဝန်ယူထားတဲ့ ရာထူးရှိပါတယ်။ အလွန်ကို ခမ်းနားကြီးကျယ်တဲ့ အလုပ်တစ်ခုပါ'' ဟု ကလော့ပ်က ပြောကြားခဲ့သည်။

လက်ရှိတွင် ဘွတ်ကီဒိုင်များက ယော်ကင်လိုးနေရာ အစားထိုးနိုင်သည့် ဂျာမနီလက်ရွေးစင်အသင်းနည်းပြသစ်အလေးပေးချက်ကို ထုတ်ပြန်ထားကြပြီး ယာဂန်ကလော့ပ်မှာ ဂျာမနီယူ-၂၁ အသင်းနည်းပြ စတီဖန်ကန့်ဇ်၏နောက် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရှိရသည်။

လက်ရှိဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးမှာ ဂျာမနီအသင်းကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့ပြီး အသင်းတွင် (၁၄)နှစ်ကြာတာဝန်ယူထားသည့် သက်တမ်းရှည်နည်းပြတစ်ဦးဖြစ်သည်။

၎င်းအနေဖြင့် ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သော်လည်း လက်ရှိအချိန်တွင် ဂျာမန်ပရိသတ်အများစုသည် ယော်ကင်လိုးကို နည်းပြရာထူးမှ နုတ်ထွက်စေရန် ဆန္ဒရှိနေ ကြကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK