Top News

ခြစားမှုကြောင့် အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အာမက်အာမက်ကို FIFA က ငါးနှစ်ပိတ်ပြစ်ဒဏ် ချမှတ်
24htopnews | January 10, 2025 3:13 PM CST

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ဥက္ကဋ္ဌ အာမက်အာမက်အား ခြစားမှုစွဲချက်များကြောင့် ဘောလုံးလောကနှင့်ပတ်သက်ခွင့် ငါးနှစ်ပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

အသက် ၆၀ ရှိပြီဖြစ်သည့် မာဒါဂါစကာနိုင်ငံသား အာမက်အာမက်သည် CAF ဥက္ကဋ္ဌအပြင် FIFA ပူးတွဲဒုဥက္ကဋ္ဌအဖြစ်ပါ ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း ခြစားမှုများကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

FIFA ၏ ထုတ်ပြန်ချက်အရ အာမက်အာမက်သည်  သစ္စာစောင့်သိရန် တာဝန်ရှိခြင်း၊ ရာထူးအာဏာအလွဲသုံးစားလုပ်၍ လက်ဆောင်ပစ္စည်းများ လက်ခံ/ပေးအပ်ခြင်း၊ ငွေကြေးအလွဲ သုံးစားပြုလုပ်ခြင်း စသည့်ကျင့်ဝတ်များ ဖောက်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် ၂၀၁၈ အာဖရိကနိုင်ငံများချန်ပီယံရှစ်ပြိုင်ပွဲအတွက် Puma အားကစားပစ္စည်းကုမ္ပဏီနှင့် သဘောတူညီမှုရထားပြီးဖြစ်သော်လည်း Tactical Steel ကုမ္ပဏီနှင့် စာချုပ်ချုပ် ဆိုရာတွင် ပါဝင်ပတ်သက်ခြင်း၊ အဖွဲ့အစည်းပိုင်ငွေကြေးဖြင့် မက္ကာသို့ ဘုရားဖူးခရီးသွားရောက်ခြင်း ပြုလုပ်ခဲ့သောကြောင့် ငါးနှစ်ပိတ်ပြစ်ဒဏ်အပြင် ဒဏ်ကြေး ဆွစ်ဖရန့်နှစ်သိန်း (ဒေါ်လာ ၂၂၀,၀၀၀) ပါ ချမှတ်ခံခဲ့ရသည်။

အာမက်အာမက်သည် ၂၀၁၇ ခုနှစ် မတ်လတွင် CAF ဥက္ကဋ္ဌသစ်ဖြစ်လာပြီး လာမည့်နှစ် မတ်လတွင်ကျင်းပမည့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် ကြေညာထားသည်။


READ NEXT
Cancel OK