
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မက်ဆီကို ခေါ်ယူမည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုများကို စပါးအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံရာ၌ ငြင်းဆန်ပယ်ချကာ မက်ဆီ ကို ဘာစီလိုနာအသင်းတွင်သာ ကစားသမားဘဝအဆုံးသတ်စေလိုသည်ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် မကြာသေးမီကမှ မန်စီးတီးအသင်းနှင့် (၂)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းသည် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဆီကို ခေါ်ယူ မည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်လျက်ရှိရာ ဂွါဒီယိုလာက ယင်းကိစ္စနှင့် ပတ်သက်ပြီး မီဒီယာများကို ပြန်လည်ဖြေကြားရာတွင် မက်ဆီကို ခေါ်ယူဖွယ်မရှိသည့် အခြေအနေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက ''မက်ဆီက ဘာစီလိုနာအသင်းရဲ့ ကစားသမားပါ။ ဒီအကြောင်းကို ကျွန်တော် အကြိမ်ပေါင်းထောင်ချီပြီး ပြောခဲ့ပြီးပါပြီ။ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ဆန္ဒကတော့ မက်ဆီကို ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်စေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ''မက်ဆီရဲ့ စာချုပ်က ဒီနှစ်ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့စိတ်ထဲမှာ ဘာတွေရှိနေမလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်က ဘာစီလိုနာထွက်ဖြစ်ပြီး ဘာစီလိုနာအသင်းက ကျွန်တော့်ကို အများကြီး လုပ်ပေးခဲ့ပါတယ်။ ဘာစီလိုနာရဲ့ အကယ်ဒမီကစားသမား၊ ဘာစီလိုနာကစားသမား၊ ဘာစီလိုနာနည်းပြအနေနဲ့ သူတို့က ကျွန်တော့်ကို အရာရာလုပ်ပေးခဲ့ပါတယ်။ အခုအချိန်မှာ ကျွန်တော်ပြောချင်တာက မက်ဆီက ဘာစီလိုနာကစားသမားပါ။ သူ့ရဲ့စာချုပ်က ဇွန်၊ ဒါမှမဟုတ် ဇူလိုင်မှ ကုန်မှာဖြစ်ပြီး ကျွန်တော့်ဆန္ဒကတော့ မက်ဆီကို ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
စပိန်ဘောလုံးလောကကို ကျွမ်းကျင်သည့်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဆမ်မရာဟန်တာကလည်း မန်စီးတီးအသင်းသည် မက်ဆီကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်းများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် မက်ဆီသည် လာမည့် ဇန်နဝါရီလတွင် မည်သည့်အသင်းနှင့်မဆို ဆွေးနွေးခွင့်ရရှိတော့မည်ဖြစ်ပြီး မက်ဆီနှင့်ဆွေးနွေးမည့် အသင်းများစာရင်းတွင် မန်စီးတီးအသင်း ပါဝင်ဖွယ်မရှိတော့ကြောင်း ဆမ်မရာဟန်တာက သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
မန်စီးတီးအသင်းသည် မက်ဆီကို ခေါ်ယူမည်ဆိုပါက လက်မှတ်ထိုးကြေး ယူရိုသန်း (၂၅၀)၊ တစ်နှစ်လစာ ယူရိုသန်း (၁၀၀)ဝန်းကျင်နှင့် အခြား အပိုခံစားခွင့်များပေါင်းပါက (၃)နှစ်စာအတွက် ယူရိုသန်း (၇၀၀)ကျော် ကုန်ကျနိုင်မည့် အခြေအနေဖြစ်နေသည့်အတွက် ခေါ်ယူရန် လက်လျှော့လိုက်ပြီး ယင်းအတွက်ကြောင့် ဂွါဒီယိုလာက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
ဆမ်မရာဟန်တာက ''မန်စီးတီးက မက်ဆီကိုခေါ်ဖို့ မကြိုးစားတော့ဘူးလို့ အတည်ပြုနိုင်လောက်အောင် ဒီအခြေအနေနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ဦး ကျွန်တော့်မှာ ရှိပါတယ်။ ကျွန်တော်ရထားတဲ့သတင်းတွေအရ ဒီအပြောင်း အရွှေ့ကဖြစ်မလာတော့ပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်