Top News

အရပ်သားများ ဘေးကင်းစွာ ထွက်ခွာနိုင်ရေးအတွက် ယူကရိန်းမြို့ကြီးများတွင် လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းများ ဖွင့်ပေးထားသည်ဟု ရုရှားထုတ်ပြန်
24htopnews | January 10, 2025 11:12 AM CST

မြို့တော်ကိယက်ဗ်နှင့် စစ်တပ်ဖြင့် ၀ိုင်းထားသော ဆိပ်ကမ်းမြို့ကြီးမာရီပိုးလ်အပါအဝင် ယူကရိန်းမြို့ကြီးအချို့မှ အရပ်သားများ စွန့်ခွာရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းများကို ဖွင့်ပေးသွားမည်ဟု မတ် ၇ ရက်တွင် ရုရှားက ပြောကြားခဲ့သည်။

“လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ရုရှားတပ်ဖွဲ့တွေဟာ မတ် ၇ ရက် မနက် ၁ဝနာရီကစပြီး အပစ်ရပ်တာ၊ လူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်း ဖွင့်ပေးတာတို့ကို ကြေညာပါတယ်”ဟု ရုရှားကာကွယ်ရေဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြို့တော်ကိယက်ဗ်အပြင် မာရီပိုးလ်၊ ခါကိဗ်နှင့် ဆူမီမြို့တို့မှ စွန့်ခွာရေးလမ်းကြောင်းများကို ဖော်ပြခဲ့သည်။ အဆိုပါမြို့များသည် မကြာသေးခင်ရက်ပိုင်းများတွင် ရုရှား၏ပြင်းထန်သော တိုက်ခိုက်မှုများကို ခံနေရသော ယူကရိန်းမြို့ကြီးများဖြစ်သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ရုရှားသမ္မတဗလာဒီမာပူတင်ထံ ပုဂ္ဂိုလ်ရေးဆိုင်ရာမေတ္တာရပ်ခံခဲ့ပြီးနောက် ရုရှားက ယင်းဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

လမ်းကြောင်းများ ဖွင့်ပေးထားသည့်အကြောင်းကို ရုရှားအစိုးရက ကုလသမဂ္ဂ၊ OSCE နှင့် နိုင်ငံတကာအဖွဲ့အစည်းများအား အသိပေးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အရပ်သားများ စွန့်ခွာရေးဆိုင်ရာအခြေအနေများအားလုံးကို တိတိကျကျလိုက်နာရန် ယူကရိန်းကို တောင်းဆိုခဲ့သည်။

“ယူကရိန်းတာဝန်ရှိသူတွေက ခိုင်မာတဲ့လုပ်ရပ်တွေကို လုပ်ဆောင်မယ်လို့မျှော်လင့်ထားသလို အထက်မှာ ဖော်ပြခဲ့တဲ့ မြို့ကြီးတွေက ခေါင်းဆောင်ပိုင်းတွေဆီကလည်း ခိုင်မာတဲ့လုပ်ဆောင်ချက်တွေကို မိမိတို့မျှော်လင့်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

မတ်လ ၇ ရက်တွင် ရုရှားစစ်တပ်သည် ယူကရိန်းမြို့ကြီးများကို ကြည်း၊ ရေ၊ လေ ထိုးစစ်များဖြင့် တိုက်ခိုက်ခဲ့ပြီး မြို့တော်ကိယက်ဗ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

အညှာအတာမဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁.၅ သန်းမှာ ဒုက္ခသည်များအဖြစ် ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ထွက် ပြေးခဲ့ကြရသည်။ ထို့အပြင်ရုရှားစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများအပြားသည် ပြည်တွင်း၌ အိုးအိမ်စွန့်ခွာပြေးခဲ့ကြရကာ အချို့မှာမြို့ကြီးများထဲတွင် ပိတ်မိနေကြသည်။

ရုရှားဘက်က လူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းများ ဖွင့်ပေးမည်ဟု ကြေညာခဲ့သော်လည်း မတ်လ ၇ ရက်တွင် ရုရှားတပ်များသည် ယူကရိန်းမြို့ကြီးများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ရုရှားတပ်များသည် ယူကရိန်းမြို့ကြီးအချို့ကို ဒုံးလောင်ချာများဖြင့် ပစ်ခဲ့သဖြင့် လူနေတိုက်တန်းလျားများကို ထိမှန်ခဲ့သည်ဟု  အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့ကြီးများကို ရုရှားက ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် ယူကရိန်းအရပ်သားထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီးနောက် တစ်ရက်အကြာတွင် ရုရှားဘက်က အကန့်အသတ်ဖြင့် အပစ်ရပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်စလုံးက တာဝန်ရှိသူများသည် တတိယအကျော့ဆွေးနွေးပွဲများကို မတ်လ ၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

 


READ NEXT
Cancel OK