Top News

ဘိုင်ယန်မြူးနစ်အသင်းတွင် ဂွါဒီယိုလာ တင်ရှိထားသည့် စံချိန်တစ်ခုကို တစ်နိုင်ငံတည်းသားဖြစ်သည့် လေဗာကူဆင်နည်းပြ အလွန်ဆို လိုက်မီ
24htopnews | January 10, 2025 3:12 AM CST

 

ယခုရာသီတွင် အံ့အားသင့်ဖွယ်ရလဒ်များကောင်းနေသည့် လေဗာကူဆင်အသင်း၏ စပိန်လူမျိုးနည်းပြဖြစ်သူ ဇာဘီအလွန်ဆိုသည် တစ်နိုင်ငံတည်းသားဖြစ်သူ ဂွါဒီယိုလာ တင်ရှိခဲ့သည့် ဘွန်ဒစ်လီဂါစံချိန်တစ်ခုကို လိုက်မီခဲ့ကြောင်း သိရသည်။

အူန်ယွန်းဘာလင်အသင်းကို လေဗာကူဆင်က (၄-၀)ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် အလွန်ဆိုသည် ၂၀၁၅-၁၆ ရာသီက ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်စဉ် ဂွါဒီယိုလာ တင်ရှိထားသည့် ဘောလုံးရာသီ၏ ပထမဆုံး ၁၁ ပွဲမှ ရရှိနိုင်သည့် ၃၃ မှတ်အနက် ၃၁ မှတ် ရယူနိုင်သော စံချိန်ကို အမီလိုက်ခဲ့ခြင်းဖြစ်သည်။ 

"အခုအခိုက်အတန့်မှာ ဒီခံစားမှုက ကြီးကျယ်ခမ်းနားပါတယ်။ ကျွန်တော်တို့ဟာ အာရုံစူးစိုက်မှု၊ စုစည်းမှုအပြည့်နဲ့ ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတွေများစွာ ကစားဖို့ကျန်ပါသေးတယ်။ ဘောလုံးမှာ ဖြစ်နိုင်တဲ့အရာ များစွာရှိပြီး ရုတ်တရက် မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်"ဟု အလွန်ဆိုက သူ၏ကစားသမား များကို သတိပေးခဲ့သည်။ 

လေဗာကူဆင်အသင်းသည် ယခုရာသီ ပြိုင်ပွဲစုံ ၁၇ ပွဲကစားရာ တွင် ရှုံးပွဲမရှိသေးဘဲ ၁၆ ပွဲအထိ အနိုင်ကစားပြီး တစ်ပွဲသာ သရေကျခဲ့သည်။ အလွန်ဆို အနေဖြင့် လေဗာကူဆင်အသင်းနည်းပြအဖြစ် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကမှ ခန့်အပ်ခံရပြီး အသင်းအား စတင်ကိုင်တွယ်ချိန်တွင် အမှတ်ပေးဇယားအောက်ဆုံး၏အထက်တွင် ရှိနေခြင်းဖြစ်သည်။ 

သို့သော် အလွန်ဆိုကိုင်တွယ်ပြီးနောက် လေဗာကူဆင်အသင်းသည် ရာသီကုန် ဘွန်ဒစ်လီဂါဇယားတွင် အဆင့် ခြောက်နေရာ၌ ရပ်တည်ခဲ့ပြီး ယူရိုပါလိဂ်တွင်လည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သည်။


READ NEXT
Cancel OK