Top News

ဒူးဒဏ်ရာခွဲစိတ်ကုသမှု အခြေအနေကောင်းမွန်ကြောင်း ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ အတည်ပြု
24htopnews | January 10, 2025 3:12 AM CST

 

ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက သူ၏ဒူးဒဏ်ရာခွဲစိတ်ကုသမှု အခြေအနေမှာ အလွန်ကောင်းမွန်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတွင် ကစားနေသည့် နေမာ၏ အနားယူရမည့်ကာလကိုမူ ဆရာဝန်များက မခန့်မှန်းနိုင်သေးကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သူ နေမာသည် ပြီးခဲ့သည့်လက ဥရုဂွေးအသင်းအား (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ၂၀၂၆ ကမ္ဘာ့ ဖလားခြေစစ်ပွဲတွင် ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ နေမာ၏ဘယ်ဘက်ဒူးတွင် အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ယင်းဒဏ်ရာအမျိုးအစားမှာ ပြန်လည်သက်သာကောင်းမွန်ရန် ရှစ်လမှ ၁၀ လအထိ ကြာမြင့်လေ့ရှိကြောင်း သိရသည်။ 

ဘရာဇီးလ် အသင်းဆရာဝန်ဖြစ်သူ ရိုဒရီဂိုလက်စ်မာက နေမာသည် ကြံ့ခိုင်မှုပြည့်ဝရန်အတွက် အလွန်စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့သည်။ "နေမာက အလွန်စိတ်အားပြင်းပြနေပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့အရာအတိုင်း သူ အနောက်ကလိုက်လုပ်နေပါတယ်"ဟု ရိုဒရီဂိုလက်စ်မာက ဆော်ပေါ်လိုတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

နေမာသည် ပြီးခဲ့သည့်နွေရာသီက PSG အသင်းမှ ဆော်ဒီပရိုလိဂ်က ကလပ်ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် အသင်း၏ပွဲစဉ် ငါးပွဲသာ ကစားခဲ့ရကြောင်း သိရသည်။ အယ်လ်ဟီလာအသင်းသည် ရာသီကုန်အထိ အနားယူရမည့် နေမာ၏အခြေအနေကြောင့် ယခုရာသီ အသင်းလူစာရင်းတွင် စာရင်းသွင်းထားမှုကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

နေမာသည် ဒဏ်ရာပြဿနာများနှင့် မကြာခဏ ကြုံတွေ့နေပြီး သူ၏ဘောလုံးသမားဘဝကို များစွာထိခိုက်ခဲ့ရသည်။


READ NEXT
Cancel OK