Top News

အော်လ်မို၏မှတ်ပုံတင်ခြင်းကိစ္စက အနာဂတ်တွင် ဘာစီလိုနာ၏ ကစားသမားသစ်ခေါ်ယူမှုအပေါ် ထိခိုက်နိုင်ကြောင်း ရာဖင်ညာ သုံးသပ်
24htopnews | January 9, 2025 7:12 PM CST

ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာက အသင်းဖော် စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မို၏မှတ်ပုံတင်ခြင်းကိစ္စက အနာဂတ်တွင် အသင်း၏ကစားသမားသစ်ခေါ်ယူမှုအပေါ် ထိခိုက်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေတွင် စပိန်လက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မို(၂၆ နှစ်)အား လိုက်ပ်ဇစ်အသင်းမှ ပေါင်သန်း (၅၀) ဖြင့် ခေါ်ယူခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းသည် လာလီဂါ၏ဘဏ္ဍာရေးစည်းမျဉ်းကြောင့် အော်လ်မိုကို ၂၀၂၄ နှစ်ကုန်အထိသာ ယာယီမှတ်ပုံတင်နိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် အော်လ်မိုနှင့် ပါအူဗစ်တာတို့အား ၂၀၂၄ ဒီဇင်ဘာ (၃၁) ရက်ကျော်လွန်ပြီး ကစားနိုင်ရန်အတွက် မှတ်ပုံတင်နိုင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် ၂၀၂၄ ဒီဇင်ဘာ (၃၁) ရက်တွင် လာလီဂါက ဘဏ္ဍာရေးစည်းမျဉ်းနှင့်မကိုက်ညီသဖြင့် အော်လ်မိုနှင့် ပါအူဗစ်တာတို့အတွက် မှတ်ပုံတင်ရန် လျှောက်ထားသည့် ဘာစီလိုနာအသင်း၏အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ၎င်းတို့ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဘာစီလိုနာအသင်းလူစာရင်းမှ အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို ထုတ်ပယ်ခဲ့သည်။

ထို့နောက် ဘာစီလိုနာအသင်းသည် အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို မှတ်ပုံတင်နိုင်ရန်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ထံ အယူခံဝင်ခဲ့ရာတွင် ပယ်ချခံခဲ့ရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် စပိန်အစိုးရထံ တိုင်စာတင်ပြီး လာလီဂါနှင့် တရားရုံတွင် ရင်ဆိုင်ရန်စီစဉ်နေကြောင်း သိရသည်။

၂၀၂၂ တွင် လိဒ်စ်အသင်းမှ ဘာစီလိုနာသို့ပြောင်းရွှေ့လာခဲ့ပြီး ထိုစဉ်က ယင်းကဲ့သို့ ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည့် ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာက အသင်း၏ပြဿနာမှာ အနာဂတ်ကစားသမားခေါ်ယူမှုကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရာဖင်ညာက ''အခုပြဿနာက အနာဂတ်ကစားသမားသစ်ခေါ်ယူမှုကို ထိခိုက်နိုင်တယ်လို့ ထင်ပါတယ်။ ဒီကိစ္စမှာ အသင်းဘက်ကနေ ကျွန်တော် မညာချင်ပါဘူး။ တကယ်လို့ ကျွန်တော်သာ တခြားအသင်းမှာ ရှိနေပြီး အခု အော်လ်မိုတို့လို ပြဿနာကို မြင်မယ်ဆိုရင် ဘာစီလိုနာကိုလာဖို့ နှစ်ခါစဉ်းစားမိမှာပါ။ ကျွန်တော် ဒီကိုလာတုန်းက ဒီလိုမျိုးကြုံခဲ့ရပြီး နောက်ဆုံးအချိန်အထိ ကျွန်တော် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကို လာခဲ့တဲ့အတွက် နောင်တမရပါဘူး''ဟုဆိုခဲ့သည်။

 


READ NEXT
Cancel OK