Top News

လိဂ်ဖလားဆီမီးဖိုင်နယ်ပကျော့တွင် နယူးကာဆယ်အား ရှုံးနိမ့်ခဲ့ခြင်းအတွက် ပွဲအတွင်း အသုံးပြုသည့်ဘောလုံးကို အာဆင်နယ်နည်းပြ အာတီတာ အပြစ်တင်
24htopnews | January 9, 2025 7:12 PM CST

အာဆင်နယ်အသင်းနည်းပြ အာတီတာက လိဂ်ဖလား(Carabao Cup) ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် နယူးကာဆယ်အသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ခြင်းအတွက် ပွဲအတွင်း အသုံးပြုသည့် ဘောလုံးကို အပြစ်တင်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ဇန်နဝါရီ (၇) ရက်က လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ နယူးကာဆယ်အသင်းကို  (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Nike ဘောလုံးကို အသုံးပြုသော်လည်း လိဂ်ဖလားပြိုင်ပွဲတွင် Puma ဘောလုံးကို အသုံးပြုလျက်ရှိသည်။

အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် ဂိုးပေါက်ကန်သွင်းချက် (၂၃) ကြိမ်အထိ ရှိခဲ့သော်လည်း ဂိုးပေါက်တည့်ကန်ချက် (၃) ကြိမ်သာ ရှိခဲ့ကြောင်း သိရှိရသည်။

ပွဲအပြီးတွင် အဆိုပါအချက်နှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ အာတီတာက အသင်းရှုံးပွဲအတွက် ပွဲအတွင်း အသုံးပြုသည့် ဘောလုံးကို အပြစ်တင်ခဲ့ခြင်းဖြစ်သည်။

အာတီတာက ''ကျွန်တော်တို့ ဂိုးပေါက်ကန်သွင်းမှုတွေ အများကြီးလုပ်ခဲ့ပေမဲ့ ဂိုးဘားပေါ် ကျော်သွားတာချည်းပါပဲ။ ဘောလုံးက လေထဲမှာ ပျံပျံသွားတာကြောင့် ကစားရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲကစားခင်ကတည်းက ဘောလုံးအကြောင်း အသေးစိတ်သိထားခဲ့မယ်ဆိုရင် ပိုကောင်းအောင် စွမ်းဆောင်နိုင်မှာပါ။ ဒါပေမဲ့ အဆုံးမှာတော့ ပွဲပြီးသွားပါပြီ။ ဒီပွဲကို နောက်တစ်ကြိမ် ပြန်ကစားလို့ မရတော့ပါဘူး။ ဒါက ကျွန်တော်တို့ ကမ္ဘာဖြစ်ပြီး အမှန်တရားလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

လိဂ်ဖလားပြိုင်ပွဲတွင် အသုံးပြုသည့် Puma ဘောလုံးမှာ လေတင်းလွန်းနေသလားဟု မေးမြန်းမှုကို အာတီတာက ''အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကစားနေကျ ဘောလုံးနဲ့ ကွဲပြားခြားနားပါတယ်။ အထူးသဖြင့် ဒီပွဲမှာ ကစားတဲ့ ဘောလုံးက ပရီးမီးယားလိဂ်မှာ အသုံးပြုတဲ့ ဘောလုံးနဲ့ အရမ်းကို ကွဲပြားခြားနားပါတယ်။ ဒါကို ကျင့်သားရဖို့ လိုပါတယ်။ ဘောလုုံးက ထိလိုက်တာနဲ့ ပျံတက်သွားတာပါ။ ဒါက ခက်ခဲပါတယ်။ ဒါကို ကျင့်သားရမှ အဆင်ပြေမှာပါ''ဟု ပြောကြားခဲ့သည်။

အာတီတာ မန်စီးတီးနည်းပြလက်ထောက်နည်းပြအဖြစ် ဆောင်ရွက်စဉ်က မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၂၀၁၇ အောက်တိုဘာတွင် လိဂ်ဖလား (၁၆)သင်းအဆင့်၌ ဝုလ်ဗ်အသင်းကို အနိုင်ရပြီးနောက် ယင်းပွဲတွင် အသုံးပြုခဲ့သည့် Mitre ဘောလုံးကို အပြစ်တင်ပြောကြားခဲ့ဖူးကြောင်း သိရသည်။

အာတီတာသည် အဆိုပွဲတွင် နယူးကာဆယ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် အီဆက်ခ်ကိုလည်း ချီးကျူးစကားဆိုခဲ့သည်။ 


READ NEXT
Cancel OK