Top News

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဒေးရွှမ့်စ် အတည်ပြု
24htopnews | January 9, 2025 5:12 PM CST

 

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒီဒီယာဒေးရွှမ့်စ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဒေးရွှမ့်စ်(၅၆ နှစ်)သည် ပြင်သစ်အသင်းနည်းပြအဖြစ် ၂၀၁၂ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့ပြီး ကာလကြာရှည် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အသင်းသည် ဒေးရွှမ့်စ်လက်ထက်တွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ နှင့် ၂၀၂၁ Nations League ပြိုင်ပွဲ များ၌ ဗိုလ်စွဲခဲ့ပြီး ယူရို-၂၀၁၆ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင်လည်း ဗိိုလ်လုပွဲသို့ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ 

"၂၀၂၆ မှာတော့ ဒါဟာ ပြီးဆုံးသွားပါလိမ့်မယ်။ ကျွန်တော့်ခေါင်းထဲမှာ ဒါဟာ ရှင်းရှင်း လင်းလင်းပါပဲ။ ပြင်သစ်အသင်းကို အမြင့်ဆုံးအဆင့်မှာ ဆက်ရှိစေမယ့် ဆန္ဒ၊ စိတ်အားထက်သန်မှုနဲ့အတူ  ကျွန်တော့်ရဲ့အချိန် ပြီးဆုံးမှာပါ။ တစ်ခုကတော့ ရပ်တန့်လိုက်ပါလို့ ပြောနိုင်ရမယ်။ အဲဒီနောက်မှာ ဘဝတစ်ခု ရှိနေပါတယ်။ အရေးအကြီးဆုံးအရာကတော့ ပြင်သစ်အသင်း နှစ်ပေါင်းများစွာရှိခဲ့တဲ့ ထိပ်ဆုံးနေရာမှာ ဆက်ရှိနေဖို့ပါပဲ"ဟု ဒေးရွှမ့်စ်က ပြင်သစ်ရုပ်သံ TF1သို့ ပြောကြားခဲ့သည်။ 

ကွင်းလယ်လူဟောင်းဖြစ်သူ ဒေးရွှမ့်စ်အနေဖြင့် မာရီယိုဇာဂါလိုနှင့် ဖရန့်ဘက်ကင်ဘောင်ဝါတို့ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကစားသမားဘဝနှင့်ရော၊ နည်းပြအဖြစ်နှင့်ပါ ရယူနိုင်ခဲ့သည့် တတိယမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဒေးရွှမ့်စ်သည် ကစားသမားဘဝ၌ ကွင်းလယ်ခံစစ်နေရာတွင် ကစားခဲ့ပြီး ပြင်သစ်အသင်းအတွက် (၁၀၃)ပွဲ ကစားခဲ့ကာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရို-၂၀၀၀ ပြိုင်ပွဲများ၌ ဗိုလ်စွဲရာတွင် အသင်းခေါင်းဆောင် ဖြစ်ခဲ့သည်။


READ NEXT
Cancel OK