Top News

အီရန်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၃၀ ကျော် ကွပ်မျက်ခံခဲ့ရဟု နော်ဝေအခြေစိုက် NOG တစ်ခုက ထုတ်ဖော်
24htopnews | January 9, 2025 1:12 AM CST

၂၀၂၄ ခုနှစ်အတွင်း အီရန်နိုင်ငံတွင် အနည်းဆုံးအမျိုးသမီး ၃၁ ဦးကို ကွပ်မျက်စီရင်လိုက်သည်ဟု ပြည်ပအခြေစိုက် NGO တစ်ခုက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ IHR သည် အီရန်နိုင်ငံတွင်း ကွပ်မျက်မှုများကို ခြေရာခံဖော်ထုတ်နေသည့်အဖွဲ့ဖြစ်ပြီး ယခုထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်သည် ၂၀၀၈ ခုနှစ်မှစတင်ကာ သေဒဏ်ပေးမှုကို စောင့်ကြည့်မှတ်သားလာချိန်မှစပြီး အမျိုးသမီးအများဆုံး ကြိုးပေးကွပ်မျက်ခံရသည့်နှစ် ဖြစ်နေသည်။

၂၀၁၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ရေတွက်မည်ဆိုလျှင် အမျိုးသမီးစုစုပေါင်း ၂၄၁ ဦး ကွပ်မျက်ခံခဲ့ရပြီး အများစုက မူးယစ်ဆေးဝါးနှင့် လူသတ်မှုစွဲချက်များဖြင့် အကျဉ်းကျနေသူများဖြစ်ကာ လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသမီး ၇၀ ရာခိုင်နှုန်းက အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကိုမခံနိုင်သဖြင့်  ခင်ပွန်းကိုသတ်ခဲ့သူများဖြစ်သည်။

အီရန်တွင်ကြိုးပေးမှုများ မြင့်တက်လာသည့်အတွက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပိုမိုသတိပေးဖော်ထုတ်လာကြပြီး နိုင်ငံဦးသျှောင် ခေါင်းဆောင်အယာတိုလာ အလီခါမေနီ၏လက်အောက်တွင် အာဏာပိုင်များက သေဒဏ်ကိုအသုံးချကာ လူထုအကြား အကြောက်တရားလွှမ်းမိုးအောင်  ကြိုးပမ်းနေသည်ဟု ထောက်ပြလာကြသည်။

၂၀၂၄ ခုနှစ်အတွင်းကွပ်မျက်မှုများအနက် အောက်တိုဘာတစ်လတည်းမှာပင် လူပေါင်း ၁၆၆ ဦး ကွပ်မျက်ခံရပြီး လူအများဆုံးကွပ်မျက်ခံရသည့်လဟု  IHR  က မနှစ်က နိုဝင်ဘာတွင်ပြောသည်။

“အီရန်မှာ အမျိုးသမီးတွေကို ကွပ်မျက်တာဟာ  ရက်စက်မှုနဲ့လူမဆန်မှုကို ပြသနေရုံမကနိုင်ငံတွင်အမြစ် တွယ်နေသည့် ကျားမခွဲခြားဆက်ဆံမှု ၊ တရားရေးစနစ်အတွင်း တန်းတူညီမျှမှုမရှိခြင်းတို့ကိုပါ ပြသနေခြင်းဖြစ်သည်ဟု IHR ဒါရိုက်တာ  မာမွတ်မိုဂါဒမ်ဆိုသူက ပြောသည်။

အီရန်တွင် လူသတ်မှုကျူးလွန်ပြီးပါက  အသတ်ခံရသူ၏မိသားစုက ခွင့်လွှတ်ကျေအေးမှုမလုပ်လျှင်  အသက်တစ်ချောင်းပြန်ပေးရမည်ဆိုသည့် ဥပဒေရှိသည်။

IHR ၏ဖွင့်ထုတ်ချက်အရ  ဇာရာအက်စ်မေလီဆိုသူသည် အိမ်နီးချင်းဖြစ်သူ ထောက်လှမ်းရေးအရာရှိတစ်ဦး၏ အနိုင်ကျင့်စော်ကားမှုကိုခံရပြီးနောက် ကိုယ်ဝန်ရှိလာသည့်အခါ အတင်းလက်ထပ်ရန်ဖိအားပေးခံခဲ့ရသည်။ ၎င်းအမျိုးသားက ဇာရာနှင့်သားသမီးများကို ရိုက်နှက်နှိပ်စက်ပြီး ဇာရာက ၂၀၁၇ ခုနှစ်တွင် အမျိုးသားဖြစ်သူကို သတ်လိုက်သည်။ ထိုအမှုဖြင့် ဇာရာသေဒဏ်ကျခဲ့သည်။

ခင်ပွန်း၏မိသားစုက အသက်အလျော်အစားဥပဒေကို လက်ခံသည့်အတွက် ဇာရာ၏ ယောက္ခမကိုယ်တိုင် ၂၀၂၁ ခုနှစ်တွင် ဇာရာကိုကွပ်မျက်ခဲ့သည်။ ရှေ့နေပြောပြချက်အရ  ဇာရာသည် ၎င်းရှေ့တွင်ကွပ်မျက်  မှုများကို ကိုယ်တိုင်မြင်လိုက်ရပြီးနောက် နှလုံးဖောက်ပြန်မှုဖြစ်ကာ သေဆုံးသွားသည်။ သို့သော်ခင်ပွန်း၏မိသားစုဘက်က အသက်မဲ့နေသည့် ဇာရာ၏အလောင်းကို  ကြိုးပေးခဲ့ကြသည်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့်  ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကို သတ်လိုက်သည့် အသက် ၂၆ နှစ်အရွယ်ရှိ  ဂျက်ဘာရီဆိုသူမိန်းကလေးအမှုကလည်း နိုင်ငံအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ ဂျက်ဘာရီသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာတွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။ Seven Winters in Tehran ဆိုသည့် မှတ်တမ်းရုပ် ရှင်က ထိုအမှုကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။    

Ref: AFP


READ NEXT
Cancel OK