Top News

၅၈ နှစ်အတွင်း အမှတ်ပေးပွဲ ခြောက်ပွဲဆက် အနိုင်ရသည့် မှတ်တမ်းကို နော်တင်ဟမ်အသင်း ပြန်လည်ရရှိ
24htopnews | January 8, 2025 9:12 PM CST

 

နော်တင်ဟမ်ဖောရက်စ်အသင်းသည် ဇန်နဝါရီလ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ ဝုလ်ဗ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် ၅၈ နှစ်အတွင်း Top-flight လိဂ်တွင် အမှတ်ပေးပွဲ ခြောက်ပွဲ ဆက်အနိုင်ရသည့်မှတ်တမ်းကို ပြန်လည်ရရှိခဲ့သည်။

နော်တင်ဟမ်အသင်းအနေဖြင့် ယင်းမှတ်တမ်းကို ၁၉၆၆-၆၇ ရာသီက နောက်ဆုံး ရယူထားခြင်းဖြစ်သည်။ ဝုလ်ဗ်အသင်းနှင့် ပွဲတွင် နော်တင်ဟမ်အသင်းအတွက် ဂိုးများ ကို ခုနစ်မိနစ်တွင် ဝုလ်ဗ်ကစားသမားဟောင်း ဂစ်ဘ်ဝှိုက်၊ ၄၄ မိနစ်တွင် ခရစ္စဝုဒ်၊ ၉၀+၄ မိနစ်တွင် အာဝိုနီယီတို့က သွင်းယူပေးခဲ့ကြသည်။ 

နော်တင်ဟမ်အသင်းသည် ဝုလ်ဗ်နှင့် ပွဲမတိုင်မီ မန်ချက်စတာယူနိုက်တက်အသင်း ကို ၃-၂ ဂိုး၊ အက်စတွန်ဗီလာအသင်းကို ၂-၁ ဂိုး၊ ဘရန့်ဖို့ဒ်အသင်းကို ၂-၀ ဂိုး၊ စပါးအသင်း ကို ၁-၀ ဂိုး၊ အဲဗာတန်အသင်းကို ၂-၀ ဂိုးဖြင့်  အနိုင်ရထားခြင်းဖြစ်သည်။ နော်တင်ဟမ် အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ် ပွဲ ၂၀ တွင် ၁၂ ပွဲအနိုင်ရခဲ့ပြီး ကိုးပွဲတွင် Clean Sheet ရရှိခဲ့သည်။ 

နော်တင်ဟမ်၏ Clean Sheet ပွဲအရေအတွက်သည် ယခုရာ သီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရာသီက တစ်ရာသီလုံးတွင် စုစုပေါင်း ၆၇ ဂိုး ပေးထားရပြီး ယခုရာသီတွင်မူ ပွဲစဉ် ၂၀ ကစားပြီးချိန်အထိ ၁၉ ဂိုးသာ ပေးထားရခြင်းဖြစ်သည်။ 

နော်တင်ဟမ်အသင်း တိုက်စစ်မှူး ခရစ္စဝုဒ်က ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ ဂိုး ရှိလာပြီး အာဝိုနီယီမှာမူ ၁၁ လအတွင်း အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK