Top News

FFP စွဲချက် (၁၁၅)ချက်တွင် အပြစ်ရှိကြောင်း ထင်ရှားခဲ့ပါက မန်စီးတီးအသင်း အမှတ် (၁၀၀) လျှော့ပြစ်ဒဏ် ချမှတ်ခံရနိုင်သည်ဟု ဘဏ္ဍာရေးပညာရှင် သတိပေး
24htopnews | January 8, 2025 9:12 PM CST

 

မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်နှင့် တရားရင်ဆိုင်ခဲ့သည့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) ချိုးဖောက်မှု စွဲချက် (၁၁၅) ချက်တွင် အပြစ်ရှိကြောင်း ထင်ရှားခဲ့ပါက အမှတ် (၁၀၀) လျှော့ ပြစ်ဒဏ်ချခံနိုင်ပြီး ပရီးမီးယားလိဂ်မှ တန်းဆင်းရနိုင်ကြောင်း ဘဏ္ဍာရေးပညာရှင်တစ်ဦးက သတိပေးပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ် (၄)နှစ်ဆက် ချန်ပီယံ မန်စီးတီးအသင်းသည် ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ပြီး ငွေကြေးမာသမှုများပြုလုပ်ခဲ့သည်ဟု ပရီးမီးယားလိဂ် စွဲချက် (၁၁၅)ချက်ဖြင့် စွဲချက်တင်ခြင်းကို ခံခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရသည်။ မန်စီးတီးနှင့် ပရီးမီးယားလိဂ်တို့၏ တရားရင်ဆိုင်မှုမှာ ၂၀၂၄ ဒီဇင်ဘာတွင် အဆုံးသတ်ခဲ့ပြီး ယခုအခါ မန်စီးတီးအသင်းအနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရသည်။ မန်စီးတီးအသင်း၏အမှုနှင့်ပတ်သက်ပြီး သုံးသပ်မှုအမျိုးမျိုးရှိနေကာ အဆိုးဆုံးအနေဖြင့် ပရီးမီးယားလိဂ်မှတန်းဆင်းရနိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ 

ယခုအခါ ဘောလုံးဘဏ္ဍာရေးပညာရှင် ကီရန်မက်ဂွိုင်းရားက မန်စီးတီးအသင်းအနေဖြင့် အမှတ် (၁၀၀) လျှော့ ပြစ်ဒဏ်ချမှတ်ခံနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။ ၎င်းက "ပိုက်ဆံက အသင်းပိုင်ရှင်ဆီကလာတာကို စပွန်ဆာလို့ လိမ်လည်ခဲ့တာဆိုရင် ပြစ်မှု ကြီးပါတယ်။ အဲဒီအချက်မှာသာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် မန်စီးတီးအနေနဲ့ ကြီးလေးတဲ့ အမှတ်လျှော့ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့က ဘာမှမဟုတ်တဲ့ ချိုးဖောက်လေးနဲ့တောင် အမှတ်လျှော့ခံခဲ့ရတာပါ။ မန်စီးတီးက အဲဒီလို ချိုးဖောက်မှုမျိုးကို (၉)နှစ်၊ (၁၀) နှစ်လောက် လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမှတ် (၆၀)ကနေ အမှတ် (၁၀၀)အထိ လျှော့ခံရနိုင်ပါတယ်။ ဒါဆိုရင် မန်စီးတီးအနေနဲ့ တန်းဆင်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ၎င်းက မန်စီးတီးအသင်းအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံရပါက အယူခံဝင်ရန် ခက်ခဲမည်ဟုလည်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်း၏အမှုရလဒ်မှာ ယခုနှစ်အတွင်း  အဖြေပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK