Top News

မန်စီးတီး၊ PSG အသင်းများနှင့် သတင်းများထွက်နေချိန်တွင် လက်ရှိကလပ် အယ်လ်နာဆာအသင်း၌ ဆက်ရှိနေမည်ဟု စီရော်နယ်လ်ဒို ပြောကြား
24htopnews | January 8, 2025 1:12 PM CST

 

ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာ အသင်းမှ နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက အပြောင်းအရွှေ့သတင်းများ ထွက်နေချိန်တွင် လက်ရှိကလပ်၌ပင် ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်။ 

PSG နှင့် မန်စီးတီးအသင်းများက သူ့အား ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာပင် ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ စီရော်နယ်လ်ဒို သည် အယ်လ်နာဆာအသင်းသို့ ၂၀၂၂-၂၃ ရာသီအလယ်တွင် ရောက်ရှိလာပြီး အသင်း နှင့်ချုပ်ဆိုထားသည့် နှစ်နှစ်ခွဲစာချုပ်မှာမူ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ 

လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခြင်းမျိုး မရှိသေးသောကြောင့် အပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်ချိန်တွင် သူ၏အနာဂတ်အတွက် ထင်မြင်ယူဆချက်များစွာ ထွက်လာခဲ့သည်။ "ကျွန်တော် ပျော်နေသလို၊ ကျွန်တော့်မိသားစုလည်း ပျော် ပါတယ်။ ဒီလှပတဲ့တိုင်းပြည်မှာ ကျွန်တော်တို့ ဘဝသစ်တစ်ခုကို စတင်ခဲ့ပြီးဖြစ်ပါတယ်။ ဘဝက ကောင်းသလို၊ ဘောလုံးကလည်း ကောင်းပါတယ်။ တစ်ဦးချင်းအပြင် ဒီမှာ ကျွန်တော်တို့ စုဆောင်းရရှိတဲ့အရာတွေ အားလုံးပေါ့။ ကျွန်တော် တိုးတက်နေတုန်းပါပဲ။ အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်တို့လို အသင်းတွေကိုတော့ ယှဉ်နိုင်ဖို့ အတော်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက်တွန်းအားပေးပြီး တိုက်ပွဲဝင်ဖို့ ဒီမှာ ရှိနေပါတယ်။ ဘောလုံးက ဒီလိုပါပဲ။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိသလို၊ ဆိုးရွားတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဖို့ အရေးအကြီးဆုံးအရာက ပရော်ဖက်ရှင်နယ်ဆန်ဖို့၊ ပြင်းပြင်းထန်ထန် တွန်းအားပေးဖို့၊ ကလပ်ကို လေးစားဖို့၊ စာချုပ်ကို လေးစားဖို့ပါပဲ။ ဒါ့အပြင် အယ်လ်နာဆာအသင်းအတွက် ဆုဖလားတွေ ပိုမိုရရှိရေးအတွက် ကြိုးပမ်းပြီး ပြောင်းလဲမှုတွေလည်း လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အာရှချန်ပီယံလိဂ်ဖလားက ကလပ်အတွက် ကျွန်တော် ရယူပေးလိုတဲ့ အရာတစ်ခုပါပဲ။ ဒါပေမဲ့ အရေးအကြီးဆုံးက ဆက်လက်တွန်းအားပေးပြီး ပရော်ဖက်ရှင် နယ်ဆန်ဖို့ပါပဲ"ဟု စီရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ် မီဒီယာရုပ်သံသို့ ပြောကြားခဲ့သည်။

လာမည့်ဖေဖော်ဝါရီလတွင် အသက် ၄၀ နှစ်ပြည့်မည့် စီရော်နယ်လ်ဒိုအနေဖြင့် အယ်လ်နာဆာအသင်းနှင့်စာချုပ်အရ ကမ္ဘာ့လစာအများဆုံးအားကစားသမားအဖြစ် ရပ်တည်နေပြီး တစ်ပတ်လုပ်ခ ဒေါ်လာ လေးသန်းကျော်နှင့် တစ်နှစ်လုပ်ခ ဒေါ်လာ သန်း ၂၁၀ ကျော် ရရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK