Top News

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် မည်သည့်အသင်းကိုမဆို ရင်ဆိုင်ရန်အသင့်ရှိနေကြောင်း တူဟယ်လ် ကြုံးဝါး
24htopnews | January 8, 2025 12:12 PM CST

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က မိမိတို့အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် လာလီဂါပြိုင်ပွဲကို ဦးဆောင်နေသည့် အက်သလက်တီကိုမက်ဒရစ်အသင်းကို ကျော်ဖြတ်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်၌ မည်သည့်အသင်းကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေကြောင်းနှင့် မိမိတို့အသင်းကို ဥရောပအသင်းကြီးတိုင်း ရှောင်လွှဲလိုကြသည်ဟု ကြုံးဝါးခဲ့သည်။

    

ချယ်လ်ဆီးအသင်းသည် စတမ်းဖို့စ်ဘရစ်ချ်ကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်၌ အက်သလက်တီကိုမက်ဒရစ်အသင်းကို ဇီယာ့ရှ်၊ အီမာဆန်တို့၏ သွင်းဂိုးများနှင့် (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ နှစ်ကျော့ပေါင်းရလဒ် (၃-၀) ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

တူဟယ်လ်က "ကျွန်တော့်ကစားသမားတွေဟာ အမြင့်မားဆုံးနားလည်မှုနဲ့ ကစားခဲ့တယ်။ အသင်းတစ်သင်းက ဒီလိုကစားနေပြီဆိုရင် ဘယ်အဆင့်ကိုမဆို ရောက်နိုင်ပါတယ်။ ကျွန်တော် သေချာပေါက် ပြောချင် တာကတော့ ဒီအချိန်မှာ ကျွန်တော်တို့ အသင်းကို ဘယ် ဥရောပထိပ်တန်းအသင်းကြီးမှ ရင်ဆိုင်ချင်မှာမဟုတ်ပါဘူး။ အလားတူပဲ ကျွန်တော်တို့ ကြောက်တဲ့အသင်းလည်း မရှိပါဘူး။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့အသင်းဟာ ဒီအဆင့်ကို ထိုက်ထိုက်တန်တန်ရောက်ရှိခဲ့ တယ်လို့ ခံစားရတာပါပဲ။ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ ကွင်းထဲက ကစားသမားတွေရော၊ အရန်ခုံက ကစားသမားတွေပါ အသင်းစုစည်းမှုအတွက် အကောင်းဆုံးစွမ်းဆောင်ခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အတွက် အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်နေတာတွေကို လုပ်ခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

    

ပထမပိုင်းတွင် အက်ဇ်ပီလီကွယ်တာက အက်သလက်တီကို တောင်ပံကစားသမား ကာရက်စ်ကိုအား အနောက်မှ ဆွဲခဲ့ခြင်းသည် ပယ်နယ်တီဖြစ်သင့်ပြီး၊ VAR ၏ ဆုံးဖြတ်ချက်က အားနည်းခဲ့သည် ဆိုသည့် အမြင်များလည်း ရှိခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်သည့် မေးမြန်းမှုကိုမူ တူဟယ်လ်က ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော်ကတော့ ဒီဖြစ်ရပ်ကို သေချာမတွေ့လိုက်ပါဘူး။ ဘောလုံးလမ်းကြောင်းက တိုသွားပြီး ဖြစ်တာ က အရမ်းမြန်တယ်။ ဒါပေမဲ့ ပယ်နယ်တီလို့တော့ ကျွန်တော်မထင်ပါဘူး။ အက်ဇ်ပီလီကွယ်တာကတော့ အရမ်းစိုးရိမ်သွားတယ်။ ကျွန်တော်လည်း အရမ်းစိုးရိမ်ခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK