Top News

တောင်တရုတ်ပင်လယ်တွင် အင်အားကြီးနိုင်ငံများ၏လှုပ်ရှားမှုများ မြင့်တက်လာမှုအား မလေးရှားက အာရုံစိုက်ရန် လိုအပ်ကြောင်း မလေးရှားဘုရင် ပြောကြား
24htopnews | January 8, 2025 10:12 AM CST

မလေးရှားသည် တောင်တရုတ်ပင်လယ်တွင် အင်အားကြီးနိုင်ငံများ၏ လှုပ်ရှားမှုများ မြင့်တက်လာမှုအား အာရုံစိုက်ရန်လိုအပ်ကြောင်း မလေးရှားဘုရင် အယ်လ်ဆူလ်တန် အဗ္ဗဒူလာရီယာယာတူဒင်အယ်လ် မူစတာဖာဘီလာရှားက မေ ၁၈ တွင် ပြောကြားခဲ့သည်။

မလေးရှားတွင် Perikatan Nasuional ညန့်ပေါင်းက မဟာမိတ်အစိုးရဖွဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်အစည်းအဝေးကို ခေါ်ယူစဉ် မလေးရှားဘုရင်က ‌ဥပဒေပြုအမတ်များအား မေ ၁၈ ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှား၏ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာသည် ကာကွယ်ရေးဆိုင်ရာ သံတမန်ရေး၊ လက်တွေ့ကျသော နိုင်ငံခြားရေး မူဝါဒ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် အာရှ-ပစိဖိတ်ဒေသတွင် ၎င်း၏ အပြည်ပြည်ဆိုင်ရာ ပထဝီနိုင်ငံရေးအနေအထားတို့၏ အရေးပါမှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မလေးရှားဘုရင်က ပါလီမန်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မကြာသေးမီက တောင်တရုတ်ပင်လယ်တွင် အင်အားကြီးနိုင်ငံများ၏ လှုပ်ရှားမှုများ မြင့်တက်လာခြင်းကို အာရုံစိုက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအတွက်ကြောင့် မလေးရှားသည် ၎င်းတို့၏ပြင်းပြသော ပထဝီနိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များအား အထောက်အပံ့ပြုသည့် မဟာဗျူဟာကို ကျွမ်းကျင်စွာရေးဆွဲချိန်တွင် ရေကြောင်းဆိုင်ရာ နယ်နိမိတ်ကိစ္စနှင့်ပတ်သက်၍ အမြဲတမ်းထင်ဟပ်တုံ့ပြန်နိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မလေးရှားဘုရင်က ပါလီမန်အမတ်များသည် ၎င်းတို့အကြား သဘောထားကွဲလွဲမှုများကြောင့် ရန်ဘက်အဖြစ်နှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအဖြစ် မပြီးသွားသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

ထိုကွဲလွဲမှုများအား နိုင်ငံအား နောက်ကြောင်းပြန်စေရန်မဟုတ်ဘဲ နိုင်ငံညီညွတ်ရေးနှင့် တိုးတက်ရေးတို့အတွက် စိတ်ကူးသစ်များ ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံသားများသည် ပြဿနာမျိုးစုံနှင့် ကပ်ရောဂါကြောင့် ခက်ခဲသောအနာဂတ်ကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံအား နိုင်ငံရေးဆိုင်ရာ မရေမရာအခြေအနေသို့ တစ်ဖန်ဆွဲချမှု မလုပ်ကြရန် အကြံပြုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် COVID-19 တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုကြောင်းလည်း မလေးရှားဘုရင်က ပြောကြားခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ထားချိန်တွင် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အခိုင်အမာ အပြိုင်အဆိုင် ထုတ်ပြန်ခဲ့ကြသည်။

၀ါရှင်တန်နှင့် ၎င်း၏ မဟာမိတ်များကလည်း တရုတ်၏ထုတ်ပြန်ချက်အား စိန်ခေါ်ခဲ့ကြသည်။

တောင်တရုတ်ပင်လယ်တွင် အနိုင်ကျင့်သည့်နည်းလမ်းများ အသုံးပြုမှုကို ပေကျင်းက ရပ်ဆိုင်းရန် ၀ါရှင်တန်က တောင်းဆိုခဲ့ပြီး နယ်မြေအငြင်းပွားမှုအတွက် အပြုင်အဆိုင် ထုတ်ပြန်ထားကြသော နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့်ပတ်သက်၍  လုံးပန်းနေရစဉ် ‌တရုတ်က အငြင်းပွားရေပိုင်နက်တွင် ၎င်း၏တည်ရှိမှုအား တိုးမြှင့်ရန် တွန်းအားပေးလုပ်ဆောင်နေသည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် အခြေအနေ တည်တည်ငြိမ်ငြိမ်ထားကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က ပြီးခဲ့သောလတွင် တိုက်တွန်းခဲ့ပြီး အငြင်းပွားရေပိုင်နက်တွင် ငြိမ်း‌ချမ်းရေးအတွက် မလေးရှား၏ကတိပြုထားမှုကို ထပ်မံအတည်ပြုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကလည်း COVID-19 အား တိုက်ဖျက်ရန်အတွက် တစ်ကမ္ဘာလုံးက ပူးတွဲကြိုးပမ်းနေချိန်၌ တောင်တရုတ်ပင်လယ်တွင် မကြာသေးမီက ဖြစ်ရပ်များသည် တင်းမာမှု အရှိန်မြင့်တက်စေဖွယ်ရှိသည့် အလားအလာများရှိကြောင်း မေ ၆ တွင် သတိပေး ပြောကြားခဲ့သည်။


READ NEXT
Cancel OK