
ဥရောပတွင် ဗိုင်းရပ်စ်ကြောင့် ချမှတ်ထားသော Lockdown စီမံချက်များအား တဖြည်းဖြည်း ဖြေလျှော့ပေးနေစဉ် အီတလီတွင် မေ ၁၈ ၌ စားသောက်ဆိုင်များနှင့် ခရစ်ယာန်ဘုရားကျောင်းများအား ပြန်ဖွင့်မည် ဖြစ်သော်လည်း ဘရာဇီး၊ တောင်အဖရိကနှင့် ကမ္ဘာ၏ နေရာအချို့တို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် မြင့်တက်နေဆဲ ဖြစ်သောကြောင့် နိုင်ငံအများအပြားတွင် အဆိုးရွားဆုံးအခြေအနေ ရောက်လာတော့မည်ကို ပြသနေသည်။
ကပ်ရောဂါကြောင့် စီးပွားရေးအား ဧရာမထိခိုက်မှု ဖြစ်ပွားစေခဲ့မှုကို ပြန်လည် ပြင်ဆင်နိုင်ရန် ကမ္ဘာတစ်ဝန်း၏ အစိုးရများက ရုန်းကန်နေရစဉ် ယင်းကဲ့သို့ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကာကွယ်ဆေး မရရှိသေးဘဲ ယင်းကဲ့သို့ အလျင်အမြန် ဖွင့်ပေးနေမှုများသည် ကူးစက်မှု ဒုတိယလှိုင်းကို ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့သည်။
ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် အထိနာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သည့် အီတလီက Lockdown စီမံချက်အား နှစ်လကြာ ချမှတ်ခဲ့ပြီးနောက် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်းပြန်သွားရန် နောက်ဆုံး ဖြေလျှော့ပေးမှုအဖြစ် စားသောက်ဆိုင်များနှင့် ဘုရားကျောင်းများအား ပြန်ဖွင့်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
မေ ၁၈ တွင် ပြန်ဖွင့်ခွင့်ပြုလိုက်သော လုပ်ငန်းများ၌ စားသောက်ဆိုင်များ၊ ဘားများ၊ ဆံသဆိုင်များနှင့် စတိုးဆိုင်များ ပါဝင်ခဲ့ပြီး ကျန်းမာရေး လေ့ကျင့်သည့် စင်တာများ၊ ရေကူးကန်များ၊ ရုပ်ရှင်ရုံများနှင့် ပြဇာတ်ရုံများကိုမူ မေ ၂၅ တွင် ဖွင့်ခွင့်ပြုသွားမည် ဖြစ်သည်။
စပိန်ကလည်း Lockdown စီမံချက်များအား ထပ်မံဖြေလျှော့ရန် စီစဉ်နေပြီး ဂျာမနီ က ပရိသတ်များမပါဘဲ ဘောလုံးပြိုင်ပွဲများအား ကျင်းပခွင့်ပြုခဲ့ခြင်း အပါအဝင် ပုံမှန်အခြေအနေသို့ ပြန်သွားရန် အဆင့်များစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သော သီတင်းပတ်ကုန်တွင်လည်း ဥရောပ၏ နေရာအချို့တွင် အခြားစိတ်အားတက်စရာ အခြေအနေများ ဖြစ်ပေါ်ခဲ့ ပြီး ပြင်သစ်၊ ဂရိနှင့် အီတလီတို့တွင် လူများက ကမ်းခြေများ၌ အနားယူခဲ့ကြပြီး ဗြိတိန်တွင် ပြည်သူများက နေပူဆာလှုံရန် ပန်းခြံများသို့ သွားခဲ့ကြသည်။
အထိနာနေသော တောင်အမေရိကနှင့် အာဖရိက ဥရောပ၏ နေရာအချို့တွင် အကောင်းဘက်မှ ရှုမြင်စရာများ ရှိနေသော်လည်း ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်သည် ၃၁၅,၀၀၀ ကျော်ရှိလာပြီး ဆိုးရွားနေဆဲ ဖြစ်သည်။
တောင်အမေရိက၏ အကြီးဆုံးနိုင်ငံ ဖြစ်သော ဘရာဇီးတွင် မကြာသေးမီ ရက်များအတွင်း သေဆုံးသူ အရေအတွက် တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး ကူးစက်သူ အရေအတွက်သည် ပြီးခဲ့သော သီတင်းပတ်ကုန်တွင် ၂၄၁,၀၀၀ ကျော် ရှိသွားခဲ့ရာ ကမ္ဘာတွင် ကူးစက်မှု စတုတ္ထမြောက် အများဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။
သို့သော် သမ္မတ ဘော်ဆွန်နာရိုက Lockdown စီမံချက်များသည် ဘရာဇီးစီးပွားရေးအား မလိုလားအပ်ဘဲ အထိနာစေသည်ဟု အပြစ်တင်ခဲ့သည်။
သို့သော် ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် ပြိုလဲသွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များက သတိပေးထားကြသည်။
လူအချင်းချင်း ခွာခွာကင်းကင်းနေရန် ညွှန်ကြားချက်များအား အာခံလျက် လက်ယာအစွန်းရောက် ခေါင်းဆောင်နှင့် ဝန်ကြီးအများအပြားက မေ ၁၇ တွင် ဘရာစီလီယာမြို့၌ စုဝေးခဲ့ကြပြီး ဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုများသည် အလွန်အမင်း ပြင်းထန်ကြောင်း ရာနှင့်ချီသော ထောက်ခံသူများအား ပြောကြားခဲ့ကြသည်။
လက်တင် အမေရိကနှင့် ကာရစ်ဘီယံတို့တွင် ကူးစက်သူအရေအတွက် ငါးသိန်းကျော်ရှိလာခဲ့ပြီး ထက်ဝက်နီးပါးသည် ဘရာဇီးမှဖြစ်ကာ ကပ်ရောဂါသည် ဒေသတွင်းရှိ အခွင့်အရေးမဲ့ လူတန်းစားတို့အား ဆိုးရွားစွာ သက်ရောက်မည်ကို စိုးရိမ်မှု မြင့်တက်လာနေသည်။
အီကွေဒေါတွင် ၎င်းတို့၏ တိုင်းရင်းသား အမေဇုန်မျိုးနွယ်စုထဲ၌ COVID-19 ကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သဖြင့် တောင်အမေရိကတွင် ဗိုင်းရပ်စ်ကြောင့် အထိနာဆုံးနိုင်ငံ တစ်နိုင်ငံ၌ အကျပ်အတည်း ပိုမိုနက်ရှိုင်းသွားမည်ကို စိုးရိမ်မှုမြင့်တက်စေခဲ့သည်။
နီကာရာဂွါတွင်လည်း အစိုးရသည် အလောင်းများအား ၎င်းတို့၏ မိသားစုဝင် ဆွေမျိုးများ၏ သဘောတူညီမှု မယူဘဲ အလျင်အမြန်မြှုပ်နှံ၍ ကူးစက်သူ အမှန်တကယ် အရေအတွက်ကို ဖုံးထားရန် ကြိုးစားနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များက စွပ်စွဲခဲ့ကြသည်။
အာဖရိကတွင်လည်း ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် အလျင်အမြန် မြင့်တက်နေခဲ့ပြီး အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသည်။
တောင်အာဖရိကတွင် မေ ၁၇ ၌ ဗိုင်းရပ်စ်ကူးစက်သူ ၁၁၆၀ ရှိခဲ့ရာ မတ်တွင် ကူးစက်သူအား ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး နောက်ပိုင်း နေ့စဉ်ကူးစက်သူ အရေအတွက် အများဆုံးနေ့ဖြစ်ကာ ကူးစက်သူ စုစုပေါင်း ၁၅,၅၁၅ ဦးဖြင့် အာဖရိကတိုက်တွင် ကူးစက်သူ အများဆုံးနိုင်ငံ ဖြစ်နေသည်။
ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးသည် ကမ္ဘာ့စီးပွားပျက်ကပ် ကြုံပြီးနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုကို ကြုံနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်