Top News

အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၀၀,၀၀၀ ကျော်သွားခဲ့ပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ
24htopnews | January 8, 2025 10:12 AM CST

အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်နှုန်း နှေးကွေးလာသည့် အရိပ်အယောင် ရှိသော်လည်း မေ ၁၉ ရက်တွင် နိုင်ငံတွင်းရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၀၀,၀၀၀ ကျော်သွားခဲ့ရာ နိုင်ငံ၏ အထူးကြပ်မတ် ကုသဆောင်များတွင်ရှိသော လူနာခုတင်အရေအတွက်နှင့် ကိုက်ညီသွားခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယ၌ ကူးစက်မှုသစ် ၄၉၇၀ ရှိခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၁၀၁,၁၃၉ ဦးရှိလာခဲ့ပြီး သေဆုံးသူစုစုပေါင်း ၃၁၆၃ ဦးရှိသည်။

အိန္ဒိယရှိ ဗိုင်းရပ်စ်ကူးစက်လူနာအ ရေအတွက်မှာ တရုတ်ကို ကျော်လွန်သွားခဲ့ ပြီဖြစ်သည်။ အာရှရှိ ဗိုင်းရပ်စ်ကူးစက်မှု အချက်အချာ နေရာများထဲမှ တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့ရာ တရုတ်၌ COVID-19 အတည်ပြုလူနာ ၈၃၀၀၀ အောက်သာရှိပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် နေ့စဉ်ကူးစက်မှုနှုန်းကို ဆယ်ဂဏန်းအောက်၌ ထိန်းချုပ်ထားနိုင်ခဲ့သည်။

အိန္ဒိယ၌ သီတင်းပတ်များစွာကြာ Lockdown ချထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်တွင် နိုင်ငံတွင်း၌ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုသစ်သည် ပျမ်းမျှ ၄၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း တရားဝင် အချက်အလက်များကို အခြေခံ၍ ရိုက်တာသတင်းဌာနက တွက်ချက်ထားသည့် စာရင်းအရ သိရသည်။

အိန္ဒိယရှိ ပြည်နယ်အများအပြားတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့် ရတော့မည့်အသွင် ရှိနေသော်လည်း Lockdown ကာလကို မေ ၃၁ ရက်အထိ ထပ်တိုးရန် အိန္ဒိယအစိုးရအဖွဲ့က မေ ၁၇ ရက်တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဝန်နှင့်အား မမျှသော၊ ရန်ပုံငွေရရှိမှု နည်းပါးသော ကျန်းမာရေး စနစ်အပေါ် COVID-19 ကပ်ရောဂါက ဝန်ထပ်ပိနေခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးပါရဂူများနှင့် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။

ကုန်ထုတ်လုပ်မှု ခန့်မှန်းချက်နှင့် အခြားအချက်အလက်များကို အခြေခံ၍ အိန္ဒိယတွင် အထူးကြပ်မတ်ကုသရေး ခုတင် အလုံး ၁၀၀၀၀၀ ဝန်းကျင်၊ အသက်ရှူ အထောက်အကူ ကိရိယာ ၄၀၀၀၀ သာရှိကြောင်း အိန္ဒိယ၏ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ဆေးပညာဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ဒရူဗာချောင်ဒရီက ပြီးခဲ့သည့်လတွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

လူဦးရေ ၁.၃၅ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံတွင် တစ်ဟုန်ထိုး မြင့်တက်လာသော အရေးပေါ်လူနာ အရေအတွက်ကို ကုသမှုပေးရန် ဆေးကုသရေး အခြေခံ အအောက်အအုံနှင့် ကျန်းမာရေးဝန်ထမ်း အရေအတွက် လုံလောက်မှု မရှိကြောင်း ချောင်ဒရီက သတိပေးခဲ့သည်။

ကူးစက်လူနာ ၃၇၀၀၀ ဝန်းကျင်မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်ဟု အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ၏ ကျန်းမာရေးအခြေအနေ မတည်မငြိမ်ဖြစ်မှုနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်ကို အိန္ဒိယက ထုတ်ပြန်ထားခြင်း မရှိပေ။

မြို့ကြီးများဖြစ်သည့် မွမ်ဘိုင်း၊ ဒေလီ၊ အာမက်ဒါဘတ်နှင့် ချန်းနိုင်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားလျက်ရှိသည်။ ထိုသို့ ကူးစက်မှုနှုန်း မြင့်မားနေသော်လည်း အိန္ဒိယ၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် အခြားသော နိုင်ငံများနှင့်ယှဉ်ပါက နည်းပါးသည်။ အိန္ဒိယရှိ ဗိုင်းရပ်စ်ကူးစက်လူနာ သေဆုံးမှုနှုန်းသည် သုံးရာခိုင်နှုန်းရှိပြီး သေဆုံးသူ ၈၉၀၀၀ ဝန်းကျင်ရှိသည့် အမေရိကန်တွင် ခြောက်ရာခိုင်နှုန်း၊ ဗြိတိန်နှင့် အီတလီတွင် ၁၄ ရာခိုင်နှုန်း၊ ပြင်သစ်တွင် ၁၅ ရာခိုင်နှုန်း အသီးသီးရှိသည်။


READ NEXT
Cancel OK