
နှစ်ပေါင်းများစွာအတွင်း အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်သည့် Amphan သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သို့ ဦးတည်နေသောကြောင့် မေ ၁၉ ရက်တွင် သန်းနှင့်ချီသော လူများကို ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှုများကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးသည့် အစီအစဉ်များသည် ခက်ခဲရှုပ်ထွေးခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း Amphan သည် မေ ၂၀ ရက် မွန်းလွဲပိုင်း(သို့မဟုတ်) ညနေပိုင်း တွင် အိန္ဒိယအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ပါက လေတိုက်နှုန်းသည် တစ်နာရီ လျှင် ၁၁၅ မိုင်( ၁၈၅ ကီလိုမီတာ)အထိ ရှိမည်ဟု ခန့်မှန်းထားပြီး မီတာများစွာအမြင့်ရှိ လှိုင်းလုံးများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ ခန့်မှန်းသူများက ပြောကြားခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌ လူ ၃၅၀၀ ခန့် သေဆုံးခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း Sidr ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ယခုမုန်တိုင်းသည် အားအပြင်းဆုံး ဖြစ်လာနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စိုးရိမ်နေကြသည်။
မြေနိမ့်ပိုင်းဒေသရှိ ထောင်ပေါင်းများစွာသော လူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်သည်ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့ရေးဆိုင်ရာ အငယ်တန်းဝန်ကြီး Enamur Rahman က မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
“လူ ၂.၂ သန်းအထိကို ဘေးကင်းရာကို ပြောင်းရွှေ့ပေးမှာဖြစ်ပြီး သေကျေပျောက်ဆုံးမှုကို လုံးဝမရှိအောင် ကြိုးစားသွားမှာပါ” ဟု Rahman က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ကိုရိုနာကပ်ရောဂါအတွက် Social Distancing လုပ်ဆောင်ရန်အတွက် စာသင်ကျောင်းများကိုပါ အသုံးပြုခဲ့သောကြောင့် ဆိုင်ကလုန်းခိုလှုံရာနေရာအရေအတွက် နှစ်ဆကျော်ရှိကြောင်း၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း Rahman က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများကို ဆိုင်ကလုန်းခိုလှုံရာနေရာများတွင် သီးသန့်အခန်းများဖြင့် ခွဲထားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဝေးလံသည့်ကျွန်းစုများရှိ ထောင်နှင့်ချီသော လူများကို ပြန်လည်ခေါ်ဆောင်ရန်အတွက် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ကူညီပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ Barisal ပြည်နယ်ရှိ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yamin Chowdhury က ပြောကြားခဲ့သည်။ ငါးဖမ်းလှေများကို ကမ်းစပ်သို့ ပြန်လာရန်နှင့် ဆိပ်ကမ်းအားလုံးနှင့် ငါးဖမ်းလှေဆိပ်အားလုံးကို ပိတ်ထားရန် ညွှန်ကြားခဲ့သည်။
“ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်မှာ နေထိုင်တဲ့သူတွေဟာ မဖြစ်နိုင်တဲ့ ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတယ်” ဟု အကူအညီပေးသည့်အဖွဲ့ Catholic Relief Services (CRS) မှ Snigdha Chakraborty က ပြောကြားခဲ့သည်။
ရှိနေပြီးဖြစ်သည့် ဘေးကင်းရာခိုလှုံသည့် နေရာများတွင် နေရာအကန့်အသတ် ရှိနေခြင်းနှင့် ဗိုင်းရပ်စ်ကြောင့် Lockdown ချထားသည့် နေရာတွင် ရှိနေသူများသည် ကြံ့ခိုင်မှုနည်းသော နေအိမ်များကို စွန့်ခွာပြီး အဓိကကျသည့် နေရာသို့ သွားရန် တွန့်ဆုတ်နိုင်ခြေရှိကြောင်း၊ ခိုလှုံရာနေရာများတွင် လူပြည့်ကျပ်မှု ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆိုးရွားသည့် မိလ္လာစနစ်၊ ဘေးအန္တရာယ် ကင်းသောရေနှင့် ကျန်းမာရေး အဆောက်အအုံများအတွက် အခွင့်အလမ်း အကန့်အသတ်ရှိမှုတို့နှင့်အတူ ရှေ့လျှောက်တွင် စိတ်ပျက်ဖွယ်နေ့များ ရှိလာနိုင်မှုကို ၎င်းက သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် Lockdown ချထားမှုကြောင့် လူအများစု၏ ဝင်ငွေရပ်တန့်ခဲ့ပြီး အရန်ထားသည့် ငွေများဖြင့် စားသုံးနေရသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်တွင် ကမ်းရိုးတန်းဒေသများနှင့် ဒီရေတောဒေသဖြစ်သည့် Sundarbans မှ လူ ၂၀၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ယင်းပြည်နယ်၏ တာဝန်ရှိသူတစ်ဦး ဖြစ်သော Manturam Pakhira က ပြောကြားခဲ့သည်။
“တာဝန်ရှိသူတွေက နှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးတွေကို ထောက်ပံ့ပေးခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေနိုင်ဖို့အတွက် စီစဉ်ပေးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆိုင်ကလုန်း ခိုလှုံရာနေရာများတွင် နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် Social Distancing နေထိုင်ရန် အော်လန်များဖြင့် လူထုကို တိုက်တွန်းခဲ့ရသည်ဟု Sundarbans ရှိ World Wide Fund for Nature (WWF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Odisha ပြည်နယ်တွင် လူ ၂၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ၆၀၀ ကို ကြိုတင်နေရာချထားကြောင်း ကယ်ဆယ်ရေးကော်မရှင်အဖွဲ့ဝင် Pradeep Kumar Jena က ပြောကြားခဲ့သည်။
“အခြေအနေပေါ်မှာ မူတည်ပြီး လူအများကြီးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးသွားမှာပါ။ ကမ်းရိုးတန်းဒေသတွေမှာ သက်ကယ်မိုးတဲတွေနဲ့ ဘယ်သူ့ကိုမှ နေထိုင်ခွင့်ပေးမှာ မဟုတ်ဘူး” ဟု Jena က ဆိုသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက မေ ၁၈ ရက်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရေး အစည်းဝေး ပြုလုပ်ခဲ့ပြီးနောက် လူတိုင်းဘေးကင်းလုံခြုံရေးအတွက် ဆုတောင်းပေးကြောင်း Twitter တွင် ရေးသားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ လူဦးရေ သန်း ၃၀ ခန့်နေထိုင်သည့် မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသနှင့် အိန္ဒိယ၏ အရှေ့ပိုင်းသည် ဆိုင်ကလုန်းမုန်တိုင်းများ ဝင်ရောက်မှုကို ပုံမှန်ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လူသောင်းနှင့်ချီ သေဆုံးခဲ့ရသည်။
၁၉၉၉ ခုနှစ်တွင် အိန္ဒိယအရှေ့ပိုင်းပြည်နယ် Odisha သို့ စူပါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့မှုကြောင့် လူ ၁၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မှု၊ လေဆင်နှာမောင်းများ တိုက်ခတ်မှုနှင့် ရေကြီးမှုများကြောင့် လူ ၁၃၉၀၀၀ သေဆုံးခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်