Top News

ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သော ဆေးက ဗိုင်းရပ်စ်ကပ်ဘေးကို ရပ်တန့်နိုင်မည်ဟု တရုတ်သိပ္ပံပညာရှင်များ မျှော်လင့်နေ
24htopnews | January 8, 2025 10:12 AM CST

တရုတ်ဓာတ်ခွဲခန်းတစ်ခုသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ရပ်တန့်နိုင်စွမ်းရှိသော ဆေးတစ်မျိုးကို ထုတ်လုပ်နေပြီဖြစ်သည်။ ယမန်နှစ် နှောင်းပိုင်းက တရုတ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာကိုပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ကမ္ဘာသည် ကာကွယ်ဆေးနှင့် ကုသဆေးကို အပြင်းအထန် ရှာဖွေနေကြသည်။

တရုတ်၏ ဂုဏ်သိက္ခာကြီးမားသော ပီကင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များက စမ်းသပ်နေသော ဆေးတစ်မျိုးသည် ကူးစက်ခံရသူများအတွက် ပြန်လည်နာလန်ထူမှု ကာလကို တိုတောင်းစေရုံသာမက ဗိုင်းရပ်စ်ကိုလည်း ကာလတို ခုခံနိုင်စွမ်းပင်ရှိကြောင်း သုတေသနပညာရှင်များက ပြောခဲ့သည်။

ထိုဆေးကို တိရစ္ဆာန်များတွင် စမ်းသပ်သည့်အဆင့်၌ အောင်မြင်မှု ရရှိထားသည်ဟု ပီကင်းတက္ကသိုလ်မှ Beijing Advanced Innovation Center ၏ ဒါရိုက်တာ ဆွန်နေရှဲက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်ခံထားရသော ကြွက်များတွင် ယင်းဆေးကို စမ်းသပ်ခဲ့ရာ ကုသနိုင်သော သက်ရောက်မှုကို တွေ့ရှိခဲ့ကြောင်း ရှဲက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသော ဆဲလ်များကို ကာကွယ်ရန် လူသား၏ ခုခံအားစနစ်က ထုတ်လုပ်ပေးသော ပဋိပစ္စည်းများကို ထိုဆေးက သုံးထားပြီး ယင်းပဋိပစ္စည်းများသည် အာနိသင် ပျက်ပြယ်စေရန် ပြုလုပ်ထားသော ပဋိပစ္စည်းများ ဖြစ်သည်။ ဗိုင်းရပ်စ် ကူးစက်မှုမှ ပြန်နာလန်ထူသော လူနာ ၆၀ ၏ သွေးများမှ ထိုပဋိပစ္စည်းများကို ရယူထားခြင်း ဖြစ်သည်။

တရုတ်သိပ္ပံပညာရှင်အဖွဲ့၏လေ့လာမှုကို သိပ္ပံဆိုင်ရာ ဂျာနယ် Cell တွင် မေ ၁၈ က ပုံနှိပ်ဖော်ပြခဲ့ပြီး ရောဂါကုသရန်နှင့် ပြန်လည်နာလန်ထူချိန် တိုတောင်းရန် ပဋိပစ္စည်းကို အသုံးပြု ကုသမှုက အလားအလာ ကောင်းမွန်ကြောင်း တင်ပြခဲ့သည်။

ဗိုင်းရပ်စ် ကုသရန်အတွက် ပဋိပစ္စည်း ရှာဖွေရေးကို သူ၏အဖွဲ့က နေ့ညမပြတ် ရှာဖွေနေကြောင်း ရှဲက ပြောကြားခဲ့သည်။ ထိုဆေးကို ယခုနှစ်နှောင်းပိုင်းတွင် အသုံးပြုနိုင်ရန် အသင့်ဖြစ်နေမည်ဟု မျှော်လင့်ကြောင်း၊ ဆောင်းရာသီတွင် ဗိုင်းရပ်စ်ကူးစက်မှု ပေါက်ကွဲနိုင်သည့်အချိန်၌ ထိုဆေးကို အချိန်မီရနိုင်မည်ဟု ယုံကြည်ကြောင်း ရှဲက ပြောကြားခဲ့သည်။

တရုတ်တွင် အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ငါးမျိုးကို လူသားတွင် စမ်းသပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

သို့သော်လည်း ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် ၁၂ လမှ ၁၈ လအထိ ကြာမြင့်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

ဗိုင်းရပ်စ်ကို ပြန်လည်တုံ့ပြန်ရန် ပဋိပစ္စည်း ထုတ်လုပ်ပေးသည့် ပြန်လည်နာလန်ထ လူနာများထံမှ ရယူသည့် သွေးရည်ကြည်သည် ကောင်းကျိုးရရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ထောက်ပြနေသည်။

တရုတ်တွင် ပလာစမာ ကုထုံးနှင့် ကုသမှုခံယူနေသော လူနာ ၇၀၀ ကျော်ရှိသည်ဟု အာဏာပိုင်များက ပြောကြားထားသည်။

သို့သော်လည်း ပဋိပစ္စည်းရရှိနိုင်သည့် ပလာစမာရရှိမှုသည် အကန့်အသတ်ရှိကြောင်း ၎င်းတို့၏ဆေးတွင် သုံးထားသော ပဋိပစ္စည်း ၁၄ မျိုးသည် အမြောက်အမြား ထုတ်လုပ်နိုင်ကြောင်း ရှဲက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်လူနာကို ကုသရန်အတွက် ပဋိပစ္စည်းကို သုံးစွဲမှုသည် ချဉ်းကပ်မှုအသစ် မဟုတ်ပေ။ အိတ်ချ်အိုင်ဗီ၊ အီဘိုလာ၊ မားစ်ဗိုင်းရပ်စ်တို့အတွက် ကုသမှုများတွင် ပဋိပစ္စည်းကို သုံးစွဲကုသမှုများ အောင်မြင်မှုရရှိနေသည်။ အီဘိုလာကုသဆေး Remdesivir ကို ကိုဗစ်-၁၉ ရောဂါအား ကုသရန်အတွက် အမေရိကန်တွင် စမ်းသပ်ခဲ့ရာ အလားအလာကောင်းများ ရရှိခဲ့သည်။ အချို့လူနာများတွင် ပြန်လည်နာလန်ထူချိန်ကို သုံးပုံတစ်ပုံအထိ တိုတောင်းစေခဲ့ကြောင်း လေ့လာသိရှိခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ၁၀၀ ကျော် စမ်းသပ်နေသည်။ ကာကွယ်ဆေး ထုတ်လုပ်မှုက ပို၍ ခက်ခဲပြီး ကုသဆေးသစ်က ကိုရိုနာဗိုင်းရပ်စ်ကို ရပ်တန့်ရန် ပို၍ မြန်ဆန်ထိရောက်သော နည်းလမ်းဖြစ်နိုင်သည်ဟု ရှဲက မျှော်လင့်နေသည်။

“ကာကွယ်ဆေး မရှိရင်တောင်မှ ထိရောက်တဲ့ ကုသဆေးနဲ့ဆို ဒီကပ်ရောဂါကို ကျွန်တော်တို့ ရပ်တန့်နိုင်ပါလိမ့်မယ်” ဟု သူက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK