Top News

ဗိုင်းရပ်စ်အား စိုးရိမ်မှုများ လျော့ပါးလာစဉ် တောင်ကိုရီးယားတွင် ကျောင်းများပြန်ဖွင့်
24htopnews | January 8, 2025 10:12 AM CST

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်လကျော် ရွှေ့ဆိုင်းခဲ့သည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ဖွင့်လှစ်စဉ် သောင်းနှင့်ချီသည့် ကျောင်းသူကျောင်းသားများသည် မေ ၂၀ ရက်တွင် ကျောင်းပြန်တက်ကြပြီဖြစ်သည်။

ကျောင်းသားကျောင်းသူများသည်  ကိုယ်အပူချိန်တိုင်းတာရန် တန်းစီစောင့်ဆိုင်းခဲ့သည်။ ၎င်းတို့လက်ဆေးရန်အတွက်  လက်သန့်ဆေးရည်များ ပေးထားသည်။ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာသည့် ကျောင်းသားကျောင်းသူများကို ဆရာ၊ ဆရာမများက ပြုံးပြနှုတ်ဆက်ခဲ့ပြီး  ရံဖန်ရံခါ တံတောင်ဆစ်ချင်းတိုက် နှုတ်ဆက်ခဲ့ကြသည်။

“သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ တွေ့ရလို့ စိတ်လှုပ်ရှားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပိုးသတ်ဆေးလမ်းညွှန်ချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာရမှာပါ” ဟု ဆိုးလ်ရှိ Kyungbock အထက်တန်းကျောင်း၏ ကျောင်းသားဥက္ကဋ္ဌ အိုချောင်ဟွာက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် အစောပိုင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွင် တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် အဆိုးရွားဆုံး ကြုံတွေ့ခဲ့သည့် နိုင်ငံဖြစ်ပြီး မတ်လအစောပိုင်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကို  တာဝန်ရှိသူများက ရွှေ့ဆိုင်းခဲ့သည်။

သို့သော် တောင်ကိုရီးယားသည် ကျယ်ပြန့်သည့် ခြေရာခံမှု၊ စစ်ဆေးမှုနှင့် ကုသမှုအစီအစဉ်ကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ထင်မှတ်ရသည်။

ပညာရေးအတွက် အလွန်အမင်းကဲလွန်းသော တောင်ကိုရီးယားတွင် အရေးပါသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဒီဇင်ဘာတွင် ဖြေဆိုရမည့် အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူကျောင်းသား ၄၄၀၀၀၀ ခန့်သည်  ပထမဆုံး ကျောင်းပြန်တက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အခြားစာသင်နှစ်များအား လာမည့်သီတင်းပတ်များအတွင်း  အဆင့်ဆင့် ပြန်ဖွင့်မည်ဖြစ်သည်။

ကျောင်းအဆောက်အအုံအတွင်းတွင် ကျောင်းသူကျောင်းသားများအား ၎င်းတို့၏ စာရေးခုံများကို သန့်ရှင်းရေးလုပ်ရန်နှင့် Social Distancing လမ်းညွှန်ချက်များအရ လူခွဲထိုင်ရန် တောင်းဆိုထားသည်။ အချို့စာသင်ခန်းများတွင် စာရေးခုံများကို အခန်းလိုက် ကန့်ထားပေးသည်။

သို့သော် ဆိုးလ်အနီး  အင်ချွန်တွင်  စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းသားနှစ်ဦးတွင် ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့မှုကြောင့် ကျောင်းသားများကို နေအိမ်သို့ ပြန်ခိုင်းခဲ့ပြီး စာသင်ကျောင်း ၆၆ ကျောင်းကို ပိတ်ပစ်ခဲ့ရသည်ဟု အင်ချွန်မြို့ပညာရေးရုံးက ထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းနေချိန်မှာပင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့မှုက စိန်ခေါ်မှုဖြစ်စေခဲ့သည်။

“လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေက ရှိနေသေးတယ်။ စာသင်ကျောင်းတွေမှာ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မယ်ဆိုတာကို ဘယ်သူကမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး” ဟု ပညာရေးဝန်ကြီး Yoo Eun-hac က ပြောကြားခဲ့ သည်။

ပညာရေးဝန်ကြီးဌာနသည် ယခုသီတင်းပတ်တွင် ၂၄ နာရီ အရေးပေါ်အခြေအနေဆိုင်ရာ အခန်းတစ်ခုကို စီမံခန့်ခွဲမှုစတင်ခဲ့ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုသစ်တွေ့ရှိသည့် မည်သည့်စာသင်ကျောင်းမဆို ချက်ချင်းပိတ်ပစ်ရမည်ဖြစ်ကြောင်း Yoo က ပြောကြားခဲ့သည်။

အထက်တန်းနောက်ဆုံးနှစ်ကျောင်း သားကျောင်းသူများအား နေ့စဉ် ကျောင်းတက်ရန် သတ်မှတ်ထားပြီး စာသင်ကျောင်းများတွင် လူပြည့်သိပ်မှုမဖြစ်စေရန် အတန်းငယ်များကို အွန်လိုင်းနှင့် Offline စာသင်ခန်း များဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်သည်။  

တောင်ကိုရီးယားတွင် Social Distancing စည်းမျဉ်းများကို မေအစောပိုင်းမှစပြီး ဖြေလျှော့ပေးခဲ့သော်လည်း ဆိုးလ်ရှိနိုက်ကလပ်များနှင့် ဆက်စပ်သည့် ဗိုင်းရပ်စ်ကူးစက်မှုသစ်များ ရုတ်တရက် ပြန်လည်ဖြစ်ပေါ်ခဲ့သည်။ တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၀၀၀ ကျော်ရှိပြီး ၂၆၃ ဦး သေဆုံးခဲ့သည်။

 


READ NEXT
Cancel OK