Top News

ကပ်ရောဂါကြောင့် အာဖရိကတွင် လူသန်းနှင့်ချီ အလွန်အမင်းဆင်းရဲမွဲတေမှုကြုံရနိုင်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး
24htopnews | January 8, 2025 10:12 AM CST

ကိုရိုနာဗိုင်းရပ်စ်ကပ်ကြောင့် အာဖရိကတွင် လူသန်းနှင့်ချီ အလွန်အမင်း ဆင်းရဲမွဲတေမှုအခြေအနေသို့ ကျရောက်နိုင်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တာရက်စ်က သတိပေးခဲ့ပြီး  နိုင်ငံတကာက အာဖရိကတိုက်နှင့်အတူ စည်းလုံးညီညွတ်မှုရှိရန် တိုက်တွန်းခဲ့သည်။

ကပ်ရောဂါသည် အာဖရိကတိုးတက်မှုကို ခြိမ်းခြောက်နေကြောင်း၊ ကပ်ရောဂါသည် ကာလကြာ တရားမျှတမှုမရှိခြင်း၊ ငတ်မွတ်မှုမြင့်တက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ရောဂါကို ခုခံကာကွယ်မှု အားနည်းခြင်းများကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း  အာဖရိက တိုက်အတွက်အကြံပြုထောက်ခံချက်များ ပါဝင်သည့် ကုလသမဂ္ဂအစီအရင်ခံစာနှင့်အတူ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။

ကပ်ရောဂါအတွက် အာဖရိကတိုက်၏ မြန်မြန်ဆန်ဆန်တုံ့ပြန်မှုကို ဂူတာရက်စ်က ချီးကျူးခဲ့သည်။ အာဖရိကတိုက်တစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ç၅၀၀ ကျော်ရှိပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် စိုးရိမ်ခဲ့သည့် ပမာဏထက် နည်းပါးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖရိကတိုက်တွင် ဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့သည့် အစောပိုင်းကာလများ၌က မောက်ကမအခြေအနေများ မြင့်တက်လာနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“အခုကနေစပြီး ပိုမိုကောင်းမွန်တဲ့ ပြန်လည်နာလန်ထူဖို့ အာဖရိကနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုဟာ အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ အာဖရိက၏ ကျန်းမာရေးစနစ်များ  အားကောင်းရန်၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန်နှင့် ဘဏ္ဍာရေးအကျပ်အတည်း မဖြစ် အောင် တားဆီးရန် နိုင်ငံတကာက ပူးပေါင်းကူညီရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

ကပ်ရောဂါမှ ပြန်လည်နာလန်ထူရေး အတွက် အာဖရိကတိုက်ကို ကူညီရန် နိုင်ငံတကာမှ နောက်ထပ်ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ကူညီရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်။

ကပ်ရောဂါကြောင့် လူ သန်း ၆၀ အလွန်အမင်း ဆင်းရဲမွဲတေသွားနိုင်ဟု ကမ္ဘာ့ဘဏ် သတိပေး

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းက လူသန်း ၆၀ ခန့်ကို အလွန်အမင်းဆင်းရဲမွဲတေမှု အခြေအနေ ကျရောက်ရန် ခြိမ်းခြောက်နေပြီး ပြီးခဲ့သည့် သုံးနှစ်ကျော်က ရရှိခဲ့သည့် တိုးတက်မှုများကို ပျက်ပြယ်သွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက မေ ၁၉ ရက်တွင် သတိပေးခဲ့သည်။

လာမည့် ၁၅ လကျော်အတွင်း ဒေါ်လာ ၁၆၀ ဘီလျံ အသုံးပြုမည့် ကတိပေးမှုအရ ကမ္ဘာ့ဘဏ်သည် နိုင်ငံ ၁၀၀ အတွက် ငွေကြေးအကူအညီများ ထောက်ပံ့ပေးနှင့်ပြီး ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass က ပြောကြားခဲ့သည်။

အဆင်းရဲဆုံးနိုင်ငံများတွင် ပြင်းထန်သည့် သက်ရောက်မှုများနှင့်အတူ ယခုနှစ်ကမ္ဘာ့စီးပွားရေးသည် ငါးရာခိုင်နှုန်း ကျုံ့သွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်း Malpass က ပြောကြားခဲ့သည်။

“လူ သန်း ၆၀ ကျော်အထိ ဆင်းရဲမွဲတေမှု အခြေအနေကျ ရောက်နိုင်ပြီး ပြီးခဲ့တဲ့ သုံးနှစ်မှာ ဆင်းရဲမွဲတေမှု လျော့ပါးခဲ့တဲ့ တိုးတက်မှုတွေအားလုံး ပျက်စီးသွားနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းမှုတွေမှာ ကြီးမားတဲ့စီးပွားရေးကျဆင်းမှု အရိပ်လက္ခဏာပြနေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ပျံ့နှံ့ခဲ့ပြီးနောက် ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသန်းခန့်ရှိပြီး ၃၀၀၀၀၀ ကျော် သေဆုံးခဲ့သည်။

ဆင်းရဲသောနိုင်ငံများတွင် ဖိစီးမှုများ ဖြစ်နေသည့် ကျန်းမာရေးစနစ်များ၊ စီးပွားရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို  ခိုင်မာတောင့်တင်းမှုရှိစေရန် ကမ္ဘာ့ဘဏ်က  ဒေါ်လာ ၅.၅ ဘီလျံ အသုံးပြုခဲ့ပြီးဖြစ်သည်။

သို့သော် ကမ္ဘာ့ဘဏ်၏ ကြိုးပမ်းအားထုတ်မှုတစ်ခုတည်းဖြင့် လုံလောက်မှုရှိမည် မဟုတ်ဟု Malpass က ပြောကြားခဲ့ပြီး တာရှည်ခံသော ပြန်လည်နာလန်ထူမှုရှိစေရန် ဆင်းရဲသောနိုင်ငံများအတွက် နှစ်ဦးနှစ်ဖက် ပါဝင်သော ကူညီထောက်ပံ့မှုများကို တိုးမြှင့်ရန် အပြည်ပြည်ဆိုင်ရာ အလှူရှင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။                     


READ NEXT
Cancel OK