
အိန္ဒိယအရှေ့ပိုင်း Odisha ပြည်နယ်၏ Bhadrak ခရိုင်တွင် မေ ၂၀ ၌ မုန်တိုင်းမဝင်မီ မိုးရွာသွန်းနေမှုကို တွေ့ရစဉ်
အလွန်အမင်းအင်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မေ ၂၀ တွင် အိန္ဒိယအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရ်ှတို့သို့ ဝင်ရောက်ခဲ့ရာ ရွှံ့မံထားသောအိမ်များနှင့် တမံများအား ပျက်စီးစေခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် လှိုင်းများရိုက်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ကမ်းရိုးတန်းဒေသ ဘိုလာခရိုင်တွင် အသက် ၇၀ ရှိ အမျိုးသားတစ်ဦး သစ်ပင်ပိမိပြီး သေဆုံးခဲ့ကြောင်း ရဲတစ်ဦးကပြောကြားခဲ့သည်။ မြေနိမ့်ပိုင်းနိုင်ငံ ဘင်္ဂလားဒေ့ရ်ှတွင် မုန်တိုင်းမလာမီ လူ ၂.၄ သန်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ Odisha နှင့် အနောက်ဘင်ဂေါ ပြည်နယ်တို့တွင် လူ ၆ သိန်းခွဲခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသည်။ မုန်တိုင်းသည် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီလျှင် ၁၈၅ ကီလိုမီတာဖြင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ် Mrutyunjay Mohapatra က ပြောကြားခဲ့သည်။
လူ ၄ သန်းခန့်နေထိုင်ပြီး လမုတောများရှိသော Sundarbans မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းကြောင့် လှိုင်းအမြင့် ၅ မီတာခန့်အထိ မြင့်တက်နိုင်ကြောင်း၊ ကမ်းရိုးတန်းမှ ၁၀ ကီလိုမီတာမှ ၁၅ ကီလိုမီတာ အကွာအဝေးအတွင်း ဧရိယာအချို့တွင် ရေလွှမ်းနိုင်သည်ဟု မိမိတို့ခန့်မှန်းထားကြောင်း Mohapatra က ပြောကြားခဲ့သည်။
မုန်တိုင်းသည် လူ ၄.၅ သန်းခန့် နေထိုင်သော ကိုလ်ကတ္တားကိုလည်း ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် လေပြင်းများတိုက်ခတ်ကာ သစ်ပင်များနှင့် ဓာတ်တိုင်များ လဲပြိုခဲ့ကြောင်း ရုပ်သံသတင်းများတွင် ပြသခဲ့သည်။
အနောက်ဘင်ဂေါပြည်နယ်မှ ရဲများက ဒေသခံအချို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်ခြင်းကြောင့် မုန်တိုင်းခိုလှုံရာစခန်းများသို့ သွားရောက်ရန် ဆန္ဒမရှိကြကြောင်း အခြားလူအများအပြားကလည်း ၎င်းတို့၏ မွေးမြူရေးတိရစ္ဆာန်များကို ထားပစ်ခဲ့ရန် ငြင်းဆန်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။
ရွာသားများအား နှာခေါင်းစည်းများပေးဝေထားပြီး လူအချင်းချင်း ခွာခွာကင်းကင်း နေနိုင်ရန်အတွက် ဈေးများနှင့် အစိုးရအဆောက်အဦများ၌ ခိုလှုံစရာနေရာများ ထပ်မံပြင်ဆင်ထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရ်ှတွင် မုန်တိုင်းကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးနိုင်ပြီး မြေဩဇာကောင်းသော မြေယာအများအပြားကို တိုက်စားခံရနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လယ်သမားများအား ၎င်းတို့၏ ခြံထွက်ပစ္စည်းများနှင့် မွေးမြူရေးတိရစ္ဆာန်များအား ကုန်းမြင့်များသို့ ရွှေ့ပြောင်းပေးနိုင်ရန် ကူညီပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရ်ှလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အကြီးတန်းတာဝန်ရှိသူ မီဇာနာရာမန်ခန်းက ပြောကြားခဲ့သည်။
ကံအားလျော်စွာပင် စပါးရိတ်သိမ်းရာသီပြီးဆုံးလုနီးပါးဖြစ်နေကြောင်း၊ သို့သော် မုန်တိုင်းကြောင့် အများအပြား ပျက်စီးနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref : Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်