
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်၌ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး လူ ၈၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယတွင် ကိုလ်ကတ္တား၌ သေဆုံးသူ ၁၅ ဦးအပါအဝင် ၇၂ ဦး သေဆုံးခဲ့ပြီး ယင်းကဲ့သို့ပြင်းထန်သော သဘာဝဘေးကို မကြုံဖူးကြောင်း အနောက်ဘင်္ဂလားပြည်နယ်၏ ပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီက ပြောကြားခဲ့သည်။
လူနေထူထပ်သော အိန္ဒိယကမ်းရိုးတန်းဒေသနှင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိမ်ခေါင်မိုးများလန်ခြင်း၊ ဒီရေလှိုင်းများကြောင့် တမံများ၊ တံတားများ ရေနစ်မြုပ်ခဲ့ပြီး မုန်တိုင်းဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် သောက်သုံးရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေကြောင်း သိရသည်။
ဟာရီကိန်းမုန်တိုင်း အဆင့် (၃)နှင့် ပြင်းအားညီမျှသော ဆိုင်ကလုန်းအမ်ဖန်သည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၀ ကီလိုမီတာ (၁၀၅ မိုင်) ရှိသည်။
ဘင်္ဂလားဒေ့ရှ်သို့ မုန်တိုင်းအမ်ဖန် ဦးတည်ရွေ့လျားနေစဉ်အတွင်း မုန်တိုင်းမှာ အားပျော့သွားသော်လည်း ဘင်္ဂလားတောင်ပိုင်းရှိ လူနေထူထပ်သော ဒေသများသည် မုန်တိုင်း၏ရိုက်ခတ်မှုဒဏ်ကို အဓိကခံခဲ့ရကာ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုက ရေလှိုင်းအား ကုန်းတွင်းပိုင်းသို့ ၂၅ ကီလိုမီတာ ( ၁၅ မိုင်) အထိ တွန်းပို့ခဲ့ခြင်းကြောင့် ကိုလ်ကတ္တားအပါအဝင် မြို့အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
မြေနိမ့်ပိုင်း ဘင်္ဂလားဒေ့ရှ်တွင် မုန်တိုင်းကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သေဆုံးသူအများစုမှာ ပြိုကျနံရံများနှင့် သစ်ပင်များ ပိမိမှုနှင့် ရေနစ်မှုများကြောင့် သေဆုံးရခြင်းဖြစ်သည်။
ကိုလ်ကတ္တား၏ ဆင်ခြေဖုံးဒေသဖြစ်သော ဟာအူရာမြို့ရှိ စာသင်ကျောင်း ခေါင်မိုးမှာ လေပြင်းတိုက်ခတ်မှုကြောင့် လွင့်ထွက်သွားခဲ့ပြီး အုန်းပင်အများအပြား မိုးကြိုးထိမှန်ခြင်း၊ မြစ်ရေလျှံခြင်းများ ဖြစ်ပွားခဲ့သည်။ လာမည့်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ဆိုင်ကလုန်း အမ်ဖန်သည် ဒေသတွင်း လေလမ်းကြောင်းကို နှောင့်ယှက်လိမ့်မည်ဖြစ်သောကြောင့် အိန္ဒိယရှိ ဒေသအချို့တွင် အပူလှိုင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနအကြီးအကဲ အမ်ရွတ်ယွန် ဂျေမိုဟာပတ္တရာက ဆိုသည်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ချက်ချင်းခန့် မှန်းတွက်ချက်ရန် ခက်ခဲကြောင်း၊ Sandarbans လမုတောတစ်လျှောက်တွင် နေထိုင်သော လူ့အဖွဲ့အစည်းများအပါအဝင် အနောက်ဘင်္ဂလားကျွန်း ဒေသတစ်ခုလုံးသည် ပင်မနယ်မြေနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း မာမာတာဘာနာဂျီက မေ ၂၀ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
“ကျွန်မတို့ ကြုံတွေ့နေရတဲ့ အကျပ်အတည်း သုံးခုရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း၊ နေရပ်ကို ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချ အကျပ်အတည်း၊ အခုတော့ ဆိုင်ကလုန်းအကျပ်အတည်းပါ” ဟု ၎င်းက ဆိုသည်။
လမုတောများသည် မုန်တိုင်းအင်အားကို ပျက်ပြယ်စေပြီး မုန်တိုင်း၏သက်ရောက် မှုအန္တရာယ်အချို့ကို လျော့ပါးသက်သာစေကြောင်း အိန္ဒိယမိုးလေဝသဌာနအကြီးအကဲ ဟောင်းတစ်ဦးက ဆိုသည်။
လူဦးရေ ၁၄.၁ သန်းနေထိုင်ရာ အိန္ဒိယ ဆင်ခြေဖုံးဒေသများနှင့် မြို့ကြီးများရှိ နေရာအများအပြားတွင် ရေကြီးမှုများဖြစ်ပွားနေ ကာလမ်းမများပေါ်တွင် သစ်ပင်များ အမြစ်မှကျွတ်ထွက်၍ လဲကျခြင်း၊ သစ်ပင်အချို့မှာ ရပ်ထားသော ကားများ၊ အဆောက်အဦများပေါ်သို့ လဲကျခြင်းတို့ ဖြစ်ပွားခဲ့သည်။
မေ ၂၀ ရက် ညနေခင်းအချိန်ကတည်း ကကိုလ်ကတ္တားမြို့ရှိ နေရာအများအပြားတွင် လျှပ်စစ်မီး၊ ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး မိုဘိုင်းဖုန်းများကို အားမသွင်းနိုင်ကြောင်း၊ ထောက်ပံ့ရေးအစီအစဉ်များနှင့် လက်လှမ်းမမီဖြစ်နေကြောင်း ဒေသခံများက ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လူတစ်သန်းထက်မနည်းမှာ လျှပ်စစ်ဓာတ်အား မရရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒီရေလှိုင်းကြောင့် ကမ်းရိုးတန်းဒေသတစ်ဝန်းရှိ ရာနှင့်ချီသော ကျေးရွာများတွင် ရေကြီးမှုဖြစ်ပွားနေပြီး တာတမံဒါဇင်ပေါင်းများစွာမှာ ကျိုးပေါက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်