Top News

ကြွက်များတွင် စမ်းသပ်မှုအောင်မြင်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့်နှစ်တွင် ရနိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်နေ
24htopnews | January 8, 2025 10:12 AM CST

ကြွက်များတွင် ကနဦးစမ်းသပ်မှု ရလဒ်များ ကောင်းမွန်ခဲ့သောကြောင့် ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးသည် လာမည့်နှစ်တွင် အသင့်ဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက မေ ၂၀ တွ‌င် ပြောကြားခဲ့သည်။

ကြွက်များတွင် စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ထိုကာကွယ်ဆေးကို လာမည့်သီတင်းပတ်တွင် လူများ၌ စတင်စမ်းသပ်မည်ဟု ထိုင်းအစိုးရ၏ Center for COVID-19 Situation Administration (CCSA) မှ ပြောခွင့်ရပုဂ္ဂိုလ် ထာဝီဆင်းဝီဆာနူယိုသင်းက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ထိုင်းကထုတ်လုပ်သော ကာကွယ်ဆေးကို လာမည့်နှစ်တွင် အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ၁၀၀ ကျော်ကို စမ်းသပ်နေကြပြီး ဆေး ၁၀ မျိုးခန့်ကို လူနှင့်စတင် စမ်းသပ်နေပြီဖြစ်သည်။ သို့သော် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် ၁၂ လထက်မနည်း ကြာမြင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီတွင် သတိပေးထားခဲ့သည်။

ထိုင်းအမျိုးသားကာကွယ်ဆေးသိပ္ပံ၊ ဆေးသိပ္ပံဌာန၊ ချူလာလောင်ကွန်းတက္ကသိုလ်၏ ကာကွယ်ဆေး သုတေသနဌာနတို့က ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်နေကြခြင်းဖြစ်သည်။

ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်ရှိ အန်တီဂျင်ဟုခေါ်သော မော်လီကျူးများ ထုတ်လုပ်ရန် ခန္ဓာကိုယ်၏ဆဲလ်များကို လှုံ့ဆော်သည့် RNA ကို သုံးပြီး ထိုင်းက ကာကွယ်ဆေးထုတ်လုပ်ထားခြင်းဖြစ်သည်။              ထိုင်းနိုင်ငံသည် ဗိုင်းရပ်စ်ဆိုင်ရာကပ်ဘေးကို အလျင်အမြန်တုံ့ပြန်နိုင်မှုတွင် ကမ္ဘာတစ်ဝန်း၌ အဆင့်(၅)ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သော Global Health Security Index (2019) ၌ ဖော်ပြခဲ့သည်။

အမေရိကန်ဆေးကုမ္ပဏီ Moderna က စမ်းသပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကို ကာကွယ်နိုင်သော ပဋိပစ္စည်းကို ထုတ်လုပ်ပေးပြီး ရလဒ်ကောင်းထွက်ခဲ့ကြောင်း မေ ၁၈ တွင် ထုတ်ပြန်သော ကနဦးထုတ်ပြန်ချက်က ဆိုသည်။

ထိုင်းနိုင်ငံသည် ဇန်နဝါရီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို စတင်တွေ့ရှိခဲ့ပြီး တရုတ်ပြင်ပ၌ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိ‌ယမြောက်ဖြစ်ခဲ့သော နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံသည် ကာကွယ်ဆေးကို အရင်ဆုံးအသုံးပြုနိုင်သော နိုင်ငံစာရင်းတွင် ပါဝင်လိုကြောင်း ထာဝီဆင်း ဝီဆာနူယိုသင်းက ပြောကြားခဲ့သည်။ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိပြီး  ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၅၆ ဦးရှိထားသည်။             

ထိုင်းအစိုးရသည် ကူးသန်းရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကို ကန့်သတ်ထိန်းချုပ်ထားရာ ခရီးသွားလုပ်ငန်း၊ အိမ်ထောင်စုသုံးစွဲမှုနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ကြီးကြီးမားမား ထိခိုက်နေသည်။

ထိုင်းစီးပွားရေးသည် ယခုနှစ် ပထမသုံးလပတ်တွင် ရှစ်နှစ်အတွင်း အဆိုးဆုံးနှုန်းနှင့်ကျဆင်းခဲ့ပြီး  စီးပွားကျကပ်နှင့် နီးစပ်နေသည်။

စင်ကာပူသိပ္ပံပညာရှင်များကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စမ်းသပ်နေပြီး လာမည့်လတွင် ကနဦးစမ်းသပ်မှုများ စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း Duke- NUS Medical School ၏ Emerging Infectious Diseases Program ၏ ဒါရိုက်တာ ပါမောက္ခ ဝမ်လီဖန်က ပြောကြားခဲ့သည်။ အဆင့်(၁) စမ်းသပ်မှုကို တစ်လမှနှစ်လအတွင်း စမ်းသပ်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။    

 


READ NEXT
Cancel OK