Top News

■ ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုဗစ်ကူးစက်ခံရ၍အနားပေးခဲ့ရသော ကစားသမားများကို ပေးချေရသည့်လစာငွေ ပေါင်(၉)သန်းထိရှိခဲ့
24htopnews | January 8, 2025 6:12 AM CST

 ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်း ရပ်စ်ရောဂါပိုးကူးစက်ခံရ၍ အနားပေးခဲ့ရသော ကစားသမားများကို ပေးချေရသည့်လစာငွေစုစုပေါင်းမှာ ပေါင်(၉)သန်းအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၍ အနားပေးခဲ့ရသော ကစားသမားအရေအတွက် စုစုပေါင်း(၇၁)ဦးအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘောလုံးရာသီတွင် ဥရောပထိပ်တန်းလိဂ်(၅)ခု(ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူး-၁)မှ ကစားသမားများ၏ ဒဏ်ရာရ၊ အနားပေးမှုကို မှတ်တမ်းပြုစုဖော်ပြသော 'Feeling The Strain: 2021 European Football Injury Index' ထွက်ပေါ်လာရာ ယင်းထဲတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနားပေးခဲ့ရသော ကစားသမားစာရင်းလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ယင်းမှတ်တမ်းထဲတွင် ဥရောပထိပ်တန်းလိဂ် (၅)ခု၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၍ အနားပေးခဲ့ရသော ကစားသမားများကိုလည်း ဖော်ပြခဲ့ပြီး စုစုပေါင်း(၄၉၄)ဦးရှိကြောင်း သိရသည်။

အများဆုံးအနားပေးခဲ့ရသောလိဂ်မှာ စီးရီးအေပြိုင်ပွဲဖြစ်ပြီး ကစားသမား(၁၇၀)အား ကိုဗစ်ရောဂါကူူးစက်မှုကြောင့် အနားပေးခဲ့ရကြောင်း သိရသည်။

ပြင်သစ်လီဂူးတွင် ကစားသမား(၉၇)ဦး၊ လာလီဂါတွင် ကစားသမား(၈၃)ဦး၊ ဘွန်ဒစ်လီဂါတွင် ကစားသမား(၇၃)ဦး၊ ပရီးမီးယားလိဂ်တွင် ကစားသမား(၇၁)ဦးကို ကိုဗစ်ရောဂါကူူးစက်မှုကြောင့် အသီးသီးအနားပေးခဲ့ရပြီး၊ ယင်းကစားသမားများအား အနားပေးနေရသည့် ကာလအတွင်း ပေးချေခဲ့ရသည့် လစာငွေစုစုပေါင်းမှာ ပေါင်(၄၂)သန်းခန့်ရှိခဲ့ကြောင်း သိရသည်။

ယင်းကစားသမားများ အနားယူသည့်ရက်မှာ ပျမ်းမျှခြင်းအားဖြင့် ဘွန်ဒစ်လီဂါတွင်(၁၇)ရက်၊ ပြင်သစ်လီဂူးတွင် (၁၅)ရက်၊ ပရီးမီးယားလိဂ်နှင့် စီးရီးအေတွင်(၁၄)ရက်၊ လာလီဂါတွင်(၁၃)ရက်စီ အသီးသီးရှိခဲ့ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘောလုံးရာသီတွင် ဥရောပထိပ်တန်းလိဂ်(၅)ခု၌ ကစားသမားများ ဒဏ်ရာရရှိ/နေမကောင်းဖျားနာ၍ အနားယူမှုစုစုပေါင်းမှာ (၃၉၈၈)ကြိမ် ရှိခဲ့ရာ ကိုဗစ်ရောဂါကူူးစက်မှုကြောင့် အနားယူခြင်းမှာ (၁၀%)အထက်ရှိနေကြောင်း သိရှိရသည်။

ထို့ပြင် ဥရောပထိပ်တန်းလိဂ်(၅)ခု၌ ကစားသမားများ ဒဏ်ရာရရှိ/နေမကောင်းဖျားနာ၍ အနားပေးရချိန်၌ ကလပ်အသင်းများ ပေးချေနေရသည့် လစာငွေစုစုပေါင်းမှာ ပေါင် (၄၁၅)သန်းရှိရာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် အနားယူရသည့် ကစားသမားများကို ပေးချေခဲ့ရခြင်းမှာ အဆိုပါငွေ၏ (၁၀%)အထက်တွင် ရှိနေသည်။


READ NEXT
Cancel OK