Top News

တရုတ်၏ တိဘက်ဒေသ၌ လှုပ်ခဲ့သော အားပြင်းမြေငလျင်ကြောင့် အနည်းဆုံး ၅၃ ဦး သေဆုံးခဲ့ပြီး တုန်ခါမှုကို နီပေါနှင့် အိန္ဒိယတို့က ခံစားခဲ့ရ
24htopnews | January 7, 2025 11:12 PM CST

ဇန်နဝါရီ ၇ ရက်တွင် တရုတ်၏ဝေးလံသော တိဘက်ဒေသ၌ အကြီးအကျယ်ပျက်စီးစေသော မြေငလျင်က အနည်းဆုံး ၅၃ ဦး သေဆုံးစေခဲ့ပြီး ငလျင်၏တုန်ခါမှုကို အိမ်နီးချင်း နီပေါနိုင်ငံ၏မြို့တော်ခတ္တမန္ဒူနှင့် အိိန္ဒိယ၏ဒေသများတွင်လည်း ခံစားခဲ့ရသည်ဟု တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

တရုတ်အစိုးပိုင်ရုပ်သံလွှင့်ဌာန CCTV က ဖော်ပြခဲ့သော ဗီဒီယိုများတွင် အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော နံရံများနှင့် ပျက်စီးနေသော အိမ်များကို မြင်ရသည်။

မြေငလျင်လှုပ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်သားများက အိမ်ပျက်များကြားထဲက အုတ်ကျိုးအုတ်ပဲ့များထဲတွင် ကုန်းရုန်းလုပ်နေသည်ကို ဗီဒီယိုများတွင်မြင်ရသည်။ အချိို့က ဒေသခံများ နွေးထွေးစေရန် စောင်ထူထူများ ပေးနေသည်ကို တွေ့ရသည်။

CCTV က ဖော်ပြခဲ့သည့် ထောက်လှမ်းရေးကင်မရာ၏ဗီဒီယိုများတွင် စတိုးဆိုင်၏လျှောက်လမ်းကျဉ်းထဲတွင် လူများပြေးနေပုံကို မြင်ရပြီး စတိုင်းဆိုင်၏စင်များ ပြင်းထန်စွာ လှုပ်ခါနေကာ ပစ္စည်းများသည် ကစားစရာအရုပ်များလို မြေပေါ်သို့ လိမ့်ကျသည်ကို တွေ့ရသည်။

အေအက်ဖ်ပီကတည်နေရာဖော်ထုတ်ခဲ့သော ဗီဒီယိုများတွင် လာ့ဆီးမြို့၌ လမ်းဘေးစားသောက်ဆိုင်များ၏ရှေ့တွင် အပျက်အစီးများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။

အားကောင်းသော ငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်တွင် နီပေါနယ်စပ်အနီး ဒင်းရီကောင်တီ၌ မြေအနက် ၆ ဒသမ ၈ မီတာတွင် လှုပ်သွားခဲ့သည်ဟု တရုတ်မြေငလျင် ကွန်ရက်များစင်တာ (CENC) ၏ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန်ဘူမိလေ့လာရေးဌာနက မြေငလျင်၏ပြင်းအားသည် ၇ ဒသမ ၁ ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

“ဇန်နဝါရီ ၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်မှာ ရှီးဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ရှီဂါဇီမြို့ရှိ ဒင်းရီကောင်တီကို ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ မြေငလျင် လှုပ်သွားခဲ့ပြီးနောက် ဇန်နဝါရီ ၇ ရက် မွန်းတည့်ချိန်အထိ ၅၃ ယောက်သေပြီး ၆၂ ဦး ဒဏ်ရာရတယ်လို့ အတည်ပြုထားပါတယ်” ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အိမ် ၁၀၀၀ ကျော်သည် ထိခိုက်ပျက်စီးမှု အတိုင်းအတာအသီးသီးဖြင့် ပျက်စီးခဲ့သည်ဟု ဆိုသည်။

“ဒင်းရီကောင်တီနဲ့အနီးနားနေရာတွေဟာ အလွန်အားကောင်းတဲ့ တုန်ခါမှုတွေကို ခံစားခဲ့ရပါတယ်။ မြေငလျင် ဗဟိုချက်အနီးမှာရှိတဲ့ အဆောက်အအုံအများအပြားဟာ ပြိုကျသွားခဲ့ပါတယ်” ဟု CCTV က ဖော်ပြခဲ့သည်။

တရုတ်သမ္မတရှီကျင်းပင်က အင်အားအပြည့်သုံးသော ရှာဖွေ၊ ကယ်ဆယ်ရေးများကို လုပ်ဆောင်ရန် ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်ဟု CCTV က ဖော်ပြခဲ့သည်။ ထို့အပြင် ငလျင်ဒဏ်ခံရသောဒေသခံများကို သင့်တင့်လျောက်ပတ်စွာ နေရာပြန်လည်ချထားပေးရန်၊ ၎င်းတို့ဘေးကင်းစေရေးကို ဆောင်ရွက်ပေးရန်၊ ဆောင်းတွင်း၌ နွေးထွေးစေရေး ဆောင်ရွက်ပေးရန် သမ္မတက ပြောကြားခဲ့သည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် ငလျင်၏သက်ရောက်မှုကို စိစစ်ရန် ယင်းကောင်တီထဲက မြို့များကို သွားနေသည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။         


READ NEXT
Cancel OK