
လီဗာပူးလ် ၂-၂ မန်ယူ ပွဲအပြီးတွင် မန်ယူနည်းပြ ရူဘင်အာမိုရင်မ်က အသင်းစွမ်းဆောင်ရည်သည် ရူးလောက်စရာကောင်းသည်ဟု မှတ်ချက်ပြုခဲ့ပြီး အိမ်ရှင် လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကလည်း ယင်းပွဲတွင် ပြသခဲ့သည့် အသင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် များစွာကျေနပ်မိကြောင်း ပြောကြားသည်။
အဆိုပါပွဲတွင် မန်ယူအသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က ၅၂ မိနစ်တွင် အဖွင့်ဂိုးစသွင်းသော်လည်း ဂက်ပို (၅၉ မိနစ်) နှင့် ဆာလာ (၇၀ မိနစ် ပယ်နယ်တီ) တို့၏ ဂိုးများဖြင့် လီဗာပူးလ်အသင်း ပြန်လည်ဦးဆောင်ခဲ့ပြီး ၈၀ မိနစ်တွင် မန်ယူအသင်းမှ ဒီယာလိုက ချေပဂိုး ပြန်သွင်းခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အရေးနိမ့်ခဲ့မှု ရပ်တန့်နိုင်ခဲ့သည်။
မန်ယူအနေဖြင့် ဒီယာလိုနှင့် ဟွိုင်လန်းတို့ အပိုင်အခွင့်အရေးများ ဖြုန်းတီးခဲ့ပြီး ပွဲပြီးခါနီးတွင် မက်ဂွိုင်းရား ခြောက်ကိုက်စည်းထိပ်မှ အပိုင်ကန်ခွင့်ရသော်လည်း ဂိုးဘားပေါ်ကျော်သွားခဲ့ရသည်။
''တချို့အရာတွေက နားလည်ဖို့ ပိုလို့တောင် ခက်ပါတယ်။ ဒါဟာ စနစ်တစ်ခု၊ နည်းစနစ်ကြောင့် မဟုတ်ပါဘူး။ တခြားအကြောင်းအရာတစ်ခုကြောင့်ဖြစ်ပါတယ်။ ဒီနေ့အတွက် အံ့အားသင့်ရပါတယ်။ တကယ် အံ့အားသင့်မိတာပါ။ အသင်းစွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်။ ဒီနေ့မှာ အသင်းဟာ အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်လို့ လူတိုင်းက ပြောကြမယ်။ ပြီးခဲ့တဲ့လကလည်း ကစားပုံကောင်းတဲ့ ပွဲတချို့ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ကျရှုံးခဲ့တယ်။ ဒါဟာ အသင်းခြေစွမ်းက တစ်သမတ်တည်းရှိနေဖို့ လိုအပ်နေပြီဆိုတာကို ပြသနေတယ်။ မန်စီးတီးကို အနိုင်ရအပြီးမှာလည်း ဒီစကားပဲ ပြောခဲ့ပါတယ်။ အတူတူပါပဲ''ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ''ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ပွဲအတွင်း အခွင့်အရေးကောင်း သုံးကြိမ်လောက် ရခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အချိန်တွေ ကျရောက်လာခဲ့ပါတယ်။ ခံစစ်ကို ပိုအာရုံစိုက်ပြီး အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ရတိုင်း ခက်ခဲတတ်ပါတယ်။ သူတို့ဟာ ဟွိုင်လန်းနဲ့ ဒီယာလိုကိုသာ တိုက်စစ်မှာ တင်ကစားခဲ့တာပါ။ ဒီကွာခြားချက်ကို ရှာဖွေဖို့ဆိုတာ အမြဲတမ်း မလွယ်ကူပါဘူး။ ဒါက ဖြစ်ပျက်ခဲ့တဲ့အရာပါပဲ။ ၀-၁ ဂိုးအရှုံးနဲ့ ကစားရတာဟာ ပိုလို့တောင်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၂-၁ ဂိုးနဲ့ ပြန်ဦးဆောင်နိုင်ခဲ့တဲ့ အသင်းစိတ်ဓာတ်ပိုင်းကိုတော့ အမှန်တကယ် ကျေနပ်မိပါတယ်''ဟု ပြောကြားခဲ့သည်။
သို့သော် ၎င်းက မန်ယူအသင်းကို လျှော့တွက်ခဲ့သလားဟု မေးမြန်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ရထားမှု ရပ်တန့်သွားပြီး ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံးသုံးပွဲတွင် ဒုတိယမြောက်သရေပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်