Top News

တောင်ကိုရီးယားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်
24htopnews | January 7, 2025 4:12 PM CST

တောင်ကိုရီးယားသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် ရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ပဲ့ထိန်းဒုံး ကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်။

ရုရှားနှင့်မြောက်ကိုရီးယားအကြား ခေတ်မီ အာကာသနည်းပညာနှင့် ပတ်သက်ပြီး ဆက်ဆံရေးများ နီးကပ်နေကြောင်း ဘလင်ကင်က သတိပေးခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို၏ အောင်မြင်ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူများက ယွန်းကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းနေချိန်တွင် ဘလင်ကင်က တောင်ကိုရီးယားကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား၏ ပြည်တွင်းနိုင်ငံရေး အခြေအနေများ ထက်ကျော်လွန်သည့် စိန်ခေါ်မှုများ ရှိနေသည်ကို ပြသရာရောက်သည့်အနေဖြင့် မြောက်ကိုရီးယားသည် ပင်လယ်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ် ခဲ့သည်။

ဘလင်ကင်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်တို့ကမူ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယား၏ လုပ်ရပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားသည် မြောက်ကိုရီးယားနှင့် အာကာသ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နေကြောင်း ဘလင်ကင်က ဆိုသည်။

“မြောက်ကိုရီးယားဟာ ရုရှားဆီက စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်ပညာတွေကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် ရုရှားဟာ အာကာသနဲ့ ဂြိုဟ်တုနည်းပညာတွေကို မြောက်ကိုရီးယားနဲ့ မျှဝေဖို့ ရည်ရွယ်ထားတယ်ဆိုတာကို ယုံကြည်ဖို့ အကြောင်းပြချက် ရှိလာခဲ့ပါပြီ”ဟု ဘလင်ကင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ဒုံးကျည်သည် ကီလိုမီတာ ၁၁၀၀ (မိုင် ၆၈၀) အကွာအဝေး အထိ ပျံသန်းခဲ့ပြီးနောက် ပင်လယ်အတွင်းသို့ ကျသွားခဲ့ကြောင်းနှင့် နောက်ထပ်ဒုံးကျည် ပစ်လွှတ်မှုများအတွက် စောင့်ကြည့်နေကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ယခု မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး အမေရိကန်၊ ဂျပန်တို့နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ သီတင်းနှစ်ပတ် အလိုတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဘလင်ကင်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၎င်း၏ နောက်ဆုံး သံတမန်ခရီးစဉ် ဖြစ်နိုင်သည့် ပြည်ပ ခရီးစဉ်အတွင်း တောင်ကိုရီးယားသို့ သွားရောက်ခဲ့ကာ ယာယီသမ္မတ ချွဲဆန်မွတ်၊ နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဘလင်ကင်ကမူ တောင်ကိုရီးယားကို ကာကွယ်ပေးသွားမည့် အမေရိကန်၏ သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဟု ချွဲ ကို ပြောကြားခဲ့သည်။

Ref:AFP                 


READ NEXT
Cancel OK