Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆီယံနှင့် ထိပ်သီးအစည်းအဝေးကို အမေရိကန် ရွှေ့ဆိုင်း
24htopnews | January 7, 2025 12:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်မှုကြောင့် လတ်ဗီးဂတ်စ်တွင် လာမည့်လ၌ ကျင်းပရန် စီစဉ်ထားသော အာဆီယံ ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းထားကြောင်း အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၂၉ တွင် ပြောကြားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အတူတကွ ဆောင်ရွက်နေချိန်မှာ အမေရိကန်ကလည်း အာဆီယံ မဟာမိတ်တွေနဲ့တိုင်ပင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းဖို့ ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်” ဟု အမည်ဖော်လိုခြင်းမရှိသည့် အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

အာဆီယံခေါင်းဆောင်များနှင့် အစည်းအဝေးကို မတ် ၁၄ တွင် သမ္မတ ဒေါ်နယ်ထရန့်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

အရေးပါသော အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကို အမေရိကန်က တန်ဖိုးထားပြီး အနာဂတ် တွေ့ဆုံမှုများကို မျှော်လင့်ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

နိုင်ငံရပ်ခြားသို့ ခရီးသွားဖူးခြင်းမရှိဘဲ ဗိုင်းရပ်စ် ကူးစက်ခံထားရသူနှင့် ထိတွေ့ဖူးခြင်း မရှိသည့်သူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ကယ်လီဖိုးနီးယား ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးကို ရွှေ့ဆိုင်းကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။ ကယ်လီဖိုးနီးယား၌ ဗိုင်းရပ်စ်ကူးစက်မှုသည် အမေရိကန်တွင် ဒုတိယမြောက် ကူးစက်မှု ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသော်လည်း အမေရိကန်တွင် ယင်းဗိုင်းရပ်စ် ကူးစက်မှု ကြီးကြီးမားမား မဖြစ်နိုင်ဟု ထရန့်က မှိန်ချထားခဲ့သည်။

ဒီဇင်ဘာနှောင်းပိုင်းက တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ပျံ့နှ့ံခဲ့ပြီး နောက် တရုတ်တွင် လူ ၂၇၀၀ ကျော် သေဆုံးပြီး ၇၈၀၀၀ ကျော် ကူးစက်ခံထားရသည်။ ကမ္ဘာတစ်ဝန်း နိုင်ငံနှစ်ဒါဇင်ကျော်တွင် ဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့ခဲ့ပြီး လူ ၃၆၀၀ ခန့် ကူးစက်ခံထားရ၍ သေဆုံးသူ ၅၀ ကျော် ရှိထားသည်။

တရုတ်နိုင်ငံတွင်းထက် တရုတ် ပြင်ပတွင် ကူးစက်မှုက နေ့စဉ် မြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

ထရန့်သည် ယမန်နှစ်က ဘန်ကောက်တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးနှင့် အရှေ့အာရှထိပ်သီးကို မတက်ရောက်ခဲ့ဘဲ အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ်အိုဘရိုင်ရန်ကို စေလွှတ်ခဲ့ပြီး အရှေ့အာရှ ထိပ်သီးတွင် အမေရိကန်က အဆင့်အနိမ့်ဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ခဲ့သည်။


READ NEXT
Cancel OK