
တောင်ကိုရီးယားတွင် ဖေဖော်ဝါရီ ၂၉ က ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်မှု ၈၁၃ မှုရှိခဲ့ပြီး ယခုအချိန်အထိ အမြင့်ဆုံး ကူးစက်မှု ဖြစ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက အတည်ပြုခဲ့သည်။ တောင်ကိုရီးယား၌ ကူးစက်မှုသည် ဗိုင်းရပ်စ်ကူးစက်မှု၏ အစပြုရာဖြစ်သော တရုတ်အပြင်ဘက်တွင် အများဆုံးဖြစ်ခဲ့ပြီး ယခုအချိန်ထိ ၃၁၅၀ အထိ ကူးစက်ခံထားရပြီ ဖြစ်သည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်တွင် ဒီဇင်ဘာနှောင်းပိုင်းက စတင်စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သော ယင်းဗိုင်းရပ်စ်ကြောင့် လူ ၂၉၀၀ ကျော် သေဆုံးထားပြီး ၈၅၀၀၀ ကျော် ကူးစက်ခံထားရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ကမ္ဘာတစ်ဝန်း အလျင်အမြန် ကူးစက်ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှ စတော့စျေးကွက်များ ကျဆင်းခဲ့ပြီး ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု အများစုသည် တရုတ်တွင် ဖြစ်သော်လည်း ယခုအခါ တရုတ်ပြင်ပတွင် နေ့စဉ်ကူးစက်မှုသည် ပိုများလာနေပြီး တောင်ကိုရီးယား၊ အီရန်၊ အီတလီတို့က အဓိကနေရာများအဖြစ် ထွက်ပေါ်လာခဲ့သည်။
တောင်ကိုရီးယားနှင့် နယ်စပ်တွင် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန် ပျက်ကွက်လျှင် ဆိုးရွားသည့် အကျိုးဆက်ကို ခံရမည်ဖြစ်ကြောင်း ပါတီထိပ်တန်းတာဝန်ရှိသူများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သတိပေးခဲ့သည်။
စီးပွားရေး ချွတ်ခြုံကျပြီး ယိုင်နဲ့နေသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရှိသည့် မြောက်ကိုရီးယားသည် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန်အတွက် နယ်စပ်ကို ပိတ်ထားခဲ့သည်။
တရုတ်နိုင်ငံတွင်းထက် တရုတ်ပြင်ပတွင် ကူးစက်မှုက နေ့စဉ် မြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်သည် နေရာသစ်များသို့ ပျံ့နှံ့ခဲ့ပြီး အဇာဘိုင်ဂျန်၊ မက္ကဆီကို၊ နယူးဇီလန်၊ နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံ ကိုးနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့သည်။
“ ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်နဲ့ COVID-19 ရဲ့ သက်ရောက်မှု အလားအလာဟာ ကမ္ဘာ့အဆင့်မှာ အလွန်မြင့်မားတဲ့ အဆင့်ကို ရောက်ရှိခဲ့ပြီလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥက္ကဋ္ဌ တေဒရို အာဒါနန်ဂီဘရီရေဆုက ဖေဖော်ဝါရီ ၂၈ တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သုံးမှု ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၂၉ တွင် အတည်ပြုပြီးနောက် အမေရိကန်၌ ဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့နေကြောင်း ပေါ်ထွက်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ မှုကြောင့် အမေရိကန် စီးပွားရေးအတွက် အန္တရာယ်များ ရှိလာပါက လိုအပ်လျှင် ဗဟိုဘဏ်က ဝင်ရောက်စွက်ဖက်ရန် အသင့်ရှိကြောင်း အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရိုမီပါဝဲလ်က ပြောကြားခဲ့သည်။
မကြုံစဖူး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်စီးပွားရေးသည် စံချိန်တင် နှေးကွေးသွားခဲ့ကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီ ၂၉ တွင် စာရင်းအင်းများ ထုတ်ပြန်ခဲ့သည်။
“ထိတ်လန့်နေရမယ့်အချိန် မဟုတ်ပါဘူး။ ပြင်ဆင်ကြရမယ့် အချိန်၊ အပြည့်အဝ ပြင်ဆင်ထားရမယ့် အချိန်ပါ” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ စတုတ္ထအကြီးဆုံးမြို့ ဒေဂူတွင် အမျိုးသမီး သုံးဦး ထပ်မံသေဆုံးခဲ့ပြီးနောက် တောင်ကိုရီးယားတွင် သေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၉ တွင် ပြောကြားခဲ့သည်။
၇၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် ဗိုင်းရပ်စ် ကင်းစင်ခဲ့ပြီးနောက် ပြန်လည်ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တောင်ကိုရီးယား၏ ပထမဆုံး ဗိုင်းရပ်စ် ပြန်လည်ကူးစက်မှု ဖြစ်ခဲ့သည်။
ထိုအမျိုးသမီး၏ကိုယ်ခံစွမ်းအား ကျဆင်းခဲ့ပြီးနောက် ဗိုင်းရပ်စ်ကြောင့် ဖျားနာမှု ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ကိုရီးယား ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ (KCDC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်တွင် ဗိုင်းရပ်စ် ပြန်လည် ကူးစက်မှု ၁၀ မှု ထက်မနည်း ရှိခဲ့သည်ဟုဆိုကြောင်းလည်း KCDC တာဝန်ရှိသူ ကွမ်ဂျန်ဝုက ပြောကြားခဲ့သည်။
တရုတ်ပြင်ပတွင် ဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှု တရုတ်ထက် များပြားခဲ့သည့် တောင်ကိုရီးယားက ဒေဂူမြို့ကို ဝူဟန်ကဲ့သို့ မြို့လုံးအနှံ့ပိတ်ဆို့ရန် မစဉ်းစားထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တရုတ်တွင် ၄၇ ဦး ထပ်မံသေဆုံးခဲ့ပြီး ၄၂၇ ဦး ထပ်မံကူးစက်ခံခဲ့ရကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်