Top News

အမေရိကန်နှင့် တာလီဘန်အဖွဲ့က ဒိုဟာတွင် အထင်ကရ သဘောတူညီချက်အား လက်မှတ်ရေးထိုးမည်
24htopnews | January 7, 2025 12:12 PM CST

အာဖဂန်နစ္စတန်မှ ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပြီး အပြန်အလှန်အနေဖြင့် တာလီဘန်အဖွဲ့ထံမှ အာမခံချက်များပေးရမည့် အထင်ကရ သဘောတူညီချက်တစ်ခုအား အမေရိကန်နှင့် တာလီဘန်အဖွဲ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဖေဖော်ဝါရီ ၂၉ ၌ လက်မှတ်ထိုးမည် ဖြစ်သည်။ ထိုသဘောတူညီချက်သည် ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲအား အဆုံးသတ်နိုင်ခြေရှိကြောင်း ပြောကြားလျက် အာဖဂန်ပြည်သူများသည် အနာဂတ်သစ်အတွက် အခွင့်အရေးကို ဖမ်းဆုပ်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်တွန်းခဲ့သည်။

ထိုသဘောတူညီချက် လက်မှတ်ထိုးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို တက်ရောက်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက အာဖဂန်အစိုးရနှင့် ပူးတွဲကြေညာချက်တစ်ရပ်ကို သီးခြား ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်သည် အာဖဂန်အစိုးရနှင့် တာလီဘန်အဖွဲ့အကြား ဆွေးနွေးပွဲကို ဦးတည်စေနိုင်ပြီး အောင်မြင်ခဲ့ပါက အာဖဂန်စစ်ပွဲကို လုံးဝ အဆုံးသတ်သွားစေနိုင်မည်ဟု မျှော်လင့်ရသည်။

သို့သော် အမေရိကန်- တာလီဘန်ဆွေးနွေးပွဲတွင် ဖယ်ထုတ်ခံထားရသော အာဖဂန်အစိုးရ၏ အနေအထားသည် မရှင်းမလင်း ဖြစ်နေဆဲဖြစ်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲရလဒ်များကြောင့် နိုင်ငံရေးအကျပ်အတည်းသစ်လည်း ဖြစ်ပေါ်နေသည်။

ပြီးခဲ့သောနှစ် စက်တင်ဘာတွင် ထရန့်က တာလီဘန်အဖွဲ့နှင့် ဆွေးနွေးမည့်အစီအစဉ်အား ရုတ်တရက် ဖျက်သိမ်းခဲ့မှုလည်း ပါဝင်သည့် နှစ်နှင့်ချီ ဆွေးနွေးမှုများအပြီး မူကြမ်းရေးဆွဲခဲ့သော ထိုသဘောတူညီချက်တွင် အမေရိကန်တပ်များအား အာဖဂန်မှ ရုပ်သိမ်းမည့်အချိန်ဇယား ပါဝင်မည်ဟု မျှော်လင့်ရသည်။

လက်မှတ်ထိုးပွဲတွင် မပါဝင်သော်လည်း ကဘူးအစိုးရက ၂၀၁၃ ခုနှစ်တွင် ထူထောင်ထားသော တာလီဘန်အဖွဲ့၏ နိုင်ငံရေးရုံးနှင့် ကနဦး ဆက်သွယ်ရန် ခြောက်ဦးပါအဖွဲ့ကို ဒိုဟာသို့ စေလွှတ်မည်ဖြစ်သည်။ အမေရိကန်နှင့် လက်မှတ်ထိုးမှုအပြီး ကဘူးအစိုးရနှင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ကိုယ်စားလှယ်များသည် ကာတာတွင် ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်း တာလီဘန်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးရှာဟင်းက ပြောကြားခဲ့သည်။

ဓာတ်ငွေ့များ ကြွယ်ဝပြီး အငြင်းပွားဖွယ် ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမှုတို့အတွက် ထင်ရှားသော ကျွန်းဆွယ်နိုင်ငံ ကာတာသည် ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမည်ဟု မယူဆခံရပေ။ သို့သော် အာဖဂန်စစ်ပွဲပဋိပက္ခ အဆုံးသတ်နိုင်ရေး ဆွေးနွေးပွဲများအတွက် ကြားနေသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် နိုင်ငံတကာတွင် ပုံရိပ်မြင့်တက်ခဲ့သည်။ ထို့ပြင် အစ္စလာမ္မစ် လှုပ်ရှားမှုများနှင့် အလွန်အမင်းနီးကပ်လွန်းသည်ဟု စွပ်စွဲလျက် ဆော်ဒီအာရေဗျဦးဆောင်သော ဒေသဆိုင်ရာ ပိတ်ဆို့အရေးယူမှုကို အာခံနိုင်ရန်လည်း ကူညီပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၉ ရက် လက်မှတ်ထိုးပွဲသို့ နိုင်ငံပေါင်း ၃၀ အထိ တက်ရောက်ကြမည်ဟု မျှော်လင့်ရသည်။ ပြိုင်ဘက်အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်သော တစ်ပတ်ကြာမြင့်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အာဖဂန်တစ်ဝန်း ဒေသအများစုတွင် တည်မြဲခဲ့ပြီး တာလီဘန်အဖွဲ့ကလည်း ၎င်းတို့၏တပ်များအား ထိန်းချုပ်နိုင်ကြောင်း ပြသနိုင်ခဲ့ပြီးနောက် ထိုသမိုင်းဝင် သဘောတူညီချက်အား လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဒေသများတွင် သီးခြားတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယာယီသဘောတူညီချက်အလုပ် ဖြစ်ခဲ့ကြောင်း ပွန်ပီယိုက ဆိုသည်။

 


READ NEXT
Cancel OK