Top News

တောင်ကိုရီးယားတွင် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေးအပေါ် ယုံကြည်စိတ်ချစေရန် ကြိုးပမ်းလုပ်ဆောင်
24htopnews | January 7, 2025 5:12 AM CST

ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca နှင့် မိတ်ဖက် အောက်စ်ဖိုဒ့်တက္ကသိုလ်တို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် အသက် ၆၅ နှစ်အထက် လူများအတွက် ၎င်း၏ထိရောက်မှုအား စမ်းသပ်စိစစ်နေဆဲဖြစ်သော်လည်း တောင်ကိုရီးယားအာဏာပိုင်များက ယင်းကာကွယ်ဆေးကို ဆက်လက်အသုံးပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သောကြောင့် သက်ကြီးရွယ်အို နိုင်ငံသားများအား ကာကွယ်ဆေးအပေါ် စိတ်ချယုံကြည်မှုရှိစေရန် ယခုသီတင်းပတ်အတွင်း ကြိုးပမ်းဆောင်ရွက်နေသည်။

တောင်ကိုရီးယားရှိ ဗိုင်းရပ်စ်ကာကွယ်ဆေး အကြံပေးအဖွဲ့တစ်ဖွဲ့က အသက် ၆၅ နှစ်အထက် နိုင်ငံသားများကို AstraZeneca ၏ကာကွယ်ဆေး ထိုးနှံပေးခြင်းမပြုလုပ်ရန် သတိပေးတိုက်တွန်းပြောကြားခဲ့သည်ဟု အစားအစာနှင့် ဆေးဝါးဘေးကင်းလုံခြုံရေး ဝန်ကြီးဌာနက လွန်ခဲ့သည့်သီတင်းပတ်၌ ထုတ်ပြန်ခဲ့သည်။

အစိုးရက AstraZeneca ၏ကာကွယ်ဆေးများကို ဆက်လက်ဖြန့်ချိထိုးနှံပေးမည့် အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီ ၈ ရက်၌ အတည်ပြု ပြောကြားခဲ့သော်လည်း အသက်ကြီးသူများကို ယင်းကာကွယ်ဆေးထိုးနှံပေးရန် သင့်၊ မသင့် ယခုသီတင်းပတ်ကုန်တွင် ဆုံးဖြတ်သွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

ကာကွယ်ဆေး စတင်ထိုးနှံမည့် ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) ညွှန်ကြားရေးမှူး ဂျောင်အွန် ဂယောင်းက လူ ၇၅၀,၀၀၀ အတွက် လုံလောက်မည့် AstraZeneca ၏ ကာကွယ်ဆေးအလုံးရေ ၁.၅ သန်း ဖေဖော်ဝါရီသီတင်းပတ်ကုန်၌ ရောက်ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား လူဦးရေ၏ ၁၆ ရာခိုင်နှုန်းနီးပါးသည် အသက် ၆၅ နှစ် သို့မဟုတ် ၆၅ နှစ်အထက်များ ဖြစ်ကြသည်။ ဥရောပနိုင်ငံ အများစုတွင် AstraZeneca ၏ ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအပေါ် ထိရောက်မှု လျော့နည်းနိုင်သည်ဟု ယူဆသောကြောင့် အသက်ငယ်ရွယ်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေသည်။

၎င်း၏ ကာကွယ်ဆေးသည် အသက် ၆၅ နှစ်အထက်အရွယ်များအား ထိရောက်မှုအလွန်နည်းသည်ဟု သတင်းမီဒီယာများ၏ ရေးသားဖော်ပြနေမှုအပေါ် AstraZeneca က ငြင်းဆိုခဲ့ပြီး ကာကွယ်ဆေး စမ်းသပ်မှုတွင် ပါဝင်သော သက်ကြီးရွယ်အိုများ၏သွေးကို စိစစ်လေ့လာချက်အရ ကာကွယ်ဆေး၏ အားကောင်းသော ကိုယ်ခံအားတုံ့ပြန်မှုကို တွေ့ရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

နိုင်ငံသားများ၏ စိုးရိမ်မှုများကို ဖြေသိမ့်ရန်ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် KDCA က ဖေဖော်ဝါရီ ၈ ရက်၌ ပြည်သူများနှင့် အမေးအဖြေကဏ္ဍတစ်ရပ် စီစဉ်ပေးခဲ့သည်။

“ ကျွန်တော်ရဲ့ အသက် ၈၀ အရွယ်အမေကို AstraZeneca ရဲ့ကာကွယ်ဆေးထိုးနှံခွင့် ပြု၊ မပြု ခင်ဗျားတို့က မေးလာခဲ့မယ်ဆိုရင် ကျွန်တော့်အမေကို ဘယ်ကာကွယ်ဆေးမဆိုထိုးပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု KDCA ၏ အကြံပေးတစ်ဦးဖြစ်သည့် ကက်သလစ်တက္ကသိုလ်မှ ပါမောက္ခ နမ်ဂျေဟွမ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား၌ယခုလအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ထားသည်။ ဖေဖော်ဝါရီ ၈ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၉ ဦးရှိပြီး နိုဝင်ဘာလကုန်နောက်ပိုင်း နေ့အလိုက်ကူးစက်ခံရသူ အနည်းဆုံးဖြစ်သည်။ ဖေဖော်ဝါရီ ၇ ရက်၌ အစိုးရကဆိုးလ်မြို့တော်အပြင်ဘက်၌ ချမှတ်ထားသည့်ကာဖျူးမိန့်ကို ဖြေလျှော့ပေးခဲ့သည်။


READ NEXT
Cancel OK