
ဘရာဇီးတွင် စက်တင်ဘာလကုန်ပိုင်း၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းချက်နှင့်အတူ အစိုးရ၏ ပြေပြစ်မှုမရှိသည့် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အရှိန်မြှင့်တင်ပေးရန် စီစဉ်နေသည်ဟု ဘရာဇီး စီးပွားရေးလုပ်ငန်းများနှင့် အကျိုးအမြတ်မယူသည့် အဖွဲ့များက ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာခဲ့သည်။
“ကာကွယ်ဆေးအတွက် ပေါင်းစည်းမှု” ဟု အမည်ပေးထားသည့် ယင်းအစီအစဉ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို အဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံများထဲတွင် ထိပ်ဆုံးနေရာမှ ပါဝင်နေသည့် ဘရာဇီးနိုင်ငံ၏ လူဦးရေ ၂၁၂ သန်းအတွက် ကာကွယ်ဆေးများ ရရှိစေရန် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍဖြင့် ကူညီပေးသွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
လက်ယာအစွန်းရောက် သမ္မတ ဂျိုင်ယာ ဘော်ဆိုနာရိုဒ အစိုးရအဖွဲ့သည် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အပါအဝင် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
ဘရာဇီး အစိုးရသည် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို လွန်ခဲ့သည့် သီတင်းသုံးပတ်အလိုမှ စတင်ခဲ့ပြီး ကာကွယ်ဆေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးရန် လေးနှစ်ကျော် အချိန်ယူရဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ယင်းအစီအစဉ်သည် နိုင်ငံရေးကင်းရှင်းပြီး လူသားချင်းစာနာထောက်ထားမှု ရည်မှန်းချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ငွေကြေးအရ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၄၀၀ ခန့်ပါဝင်သည့် ယင်းအစီအစဉ်တွင် Gol လေကြောင်းလိုင်း၊ Itau ဘဏ်၊ Volksuagen နှင့် Whirlpool တို့၏ ဘရာဇီးရုံးခွဲများအပါအဝင် ကုမ္ပဏီအများအပြားမှ အမှုဆောင်အရာရှိများပါဝင်သည်ဟု ဆိုသည်။
“ စက်တင်ဘာလမှာ ကာကွယ်ဆေး အပြီးထိုးပေးမယ်ဆိုတဲ့ ရည်မှန်းချက်ဟာ အရမ်းကို ကြီးမားလွန်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လူ့အသက်တွေကို ကယ်တင်ဖို့နဲ့ စီးပွားရေးကို ပြန်လည်နာလန်ထူဖို့ လုပ်ဆောင်သွားမှာပါ။ ကာကွယ်ဆေးကသာ ကျွန်တော်တို့ရဲ့ ဘုံရန်သူဖြစ်တဲ့ ဗိုင်းရပ်စ်ကို အနိုင်တိုက်နိုင်မှာဖြစ်ပါတယ်” ဟု လက်လီအရောင်း ကုမ္ပဏီကြီးဖြစ်သည့် Magazine Luiza ၏ အလုပ်အမှုဆောင်ချုပ် လူးဝစ်ဇာ ဟယ်လီနာ ထရာဂျန်နိုက ပြောကြားခဲ့သည်။
“ ကျွန်မတို့က ကာကွယ်ဆေးတွေကို ဝယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ဟာ ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးနိုင်ပြီး အစိုးရအနေနဲ့ အဲဒီလုပ်ငန်းစဉ်အတွက် ငွေပေးစရာမလိုပါဘူး။ ကျွန်မတို့ စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်ပုံတွေနဲ့ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်သွားမှာဖြစ်ပါတယ်။”
၎င်းတို့အဖွဲ့သည် ဘရာဇီး၏ ဖက်ဒရယ် အစိုးရအဖွဲ့တစ်ခုတည်းကိုသာ ကူညီမည်မဟုတ်ဘဲ ပြည်နယ် ၂၇ ပြည်နယ်မှ အစိုးရအဖွဲ့များနှင့် ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်တွင်ရှိသည့် မြို့ ၅,၀၀၀ ကျော်ကိုလည်း ကူညီပေးရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်နွှယ်သည့် လိုအပ်ချက်များကို ခန့်မှန်းတွက်ချက်ရန် လေ့လာချက်စစ်တမ်းတစ်ရပ်ကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ဘရာဇီးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၃၀,၀၀၀ ကျော်ရှိခဲ့ပြီး အမေရိကန်ပြီးလျှင် ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုဒုတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်