
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်း တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီး အလုပ်အကိုင်ရရှိ သူအရေအတွက် သိသိသာသာကျဆင်းခဲ့ကာ ယင်းသည် နှစ် ၂၀ ကျော်ကာလအတွင်း နိုင်ငံ၏ အလုပ်အကိုင်စျေးကွက် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ခဲ့သည်။
COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရန်အတွက် ချမှတ်သော ပိတ်ပင်တားမြစ်ချက်များက အလုပ်အကိုင်စျေးကွက်ကို ဆက်လက်အထိနာစေခြင်းနှင့်အတူ ဇန်နဝါရီလတွင် တောင်ကိုရီးယား၌ အလုပ်လက်မဲ့နှုန်း ၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းပမာဏသည် ၁၉၉၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း Statistics Korea စာရင်းအင်းဌာနမှ အချက်အလက်များအရ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ် အလုပ်အကိုင်များ ဆုံးရှုံးမှုနှုန်းသည် ဆယ်စုနှစ်များစွာအတွင်း အလျင်မြန်ဆုံး ဖြစ်ခဲ့သည့်အတွက် ဆိုးလ်မြို့နှင့်ဘူဆန်မြို့တို့တွင် ဧပြီ၌ ကျင်းပမည့် မြို့တော်ဝန် ရွေးကောက်ပွဲမတိုင်မီ သမ္မတမွန်းဂျေအင်း၏ နိုင်ငံရေးပါတီ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။
ထိုသို့ သမ္မတမွန်းဂျေအင်းအစိုးရအဖွဲ့အတွက် အကျပ်ရိုက်နေချိန်တွင် ဖေဖော်ဝါရီ ၁၀ ရက်၌ အလုပ်အကိုင်စျေးကွက် အချက်အလက်များ ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကူးစက်မှုတတိယလှိုင်းက တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများကို အထိနာစေခဲ့သလို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များကို တင်းကျပ်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အလုပ်အကိုင်ရရှိသူအရေအတွက်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ရှိခဲ့သော အရေအတွက်နှင့်ယှဉ်ပါက ၉၈၂,၀၀၀ အထိ ကျဆင်းခဲ့ကာ ထိုကျဆင်းမှုနှုန်းသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း အမြန်ဆုံးဖြစ်ကြောင်း Statistics Korea က ဆိုသည်။
COVID-19 တတိယလှိုင်းကို ထိန်းချုပ်ရန် တင်းကျပ်သောစီမံချက်များကို ဆက်လက်ပြဋ္ဌာန်းခဲ့ခြင်းက အလုပ်အကိုင် ဆုံးရှုံးမှုများဆီသို့ ဦးတည်စေခဲ့ပြီး အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကို ထိခိုက်စေခဲ့ကြောင်း Statistics Korea ၏အချက်အလက်များ ထွက်ရှိလာခဲ့ပြီးနောက် တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလုပ်အကိုင်ဆုံးရှုံးသည်ဟု ဆိုရာတွင် လက်လီဆိုင်များ၊ တည်းခိုခန်းများ၊ စားသောက်များမှ အလုပ်သမားများ၏ အလုပ်အကိုင်ဆုံးရှုံးမှုသည် အများဆုံးဖြစ်ပြီး ဇန်နဝါရီလအတွင်း ထိုလုပ်ငန်းကဏ္ဍများမှ အလုပ်သမား ၅၈၆,၀၀၀ အလုပ်အကိုင်ဆုံးရှုံးခဲ့သည်။
စားသောက်ဆိုင်များကို ည ၉ နာရီ နောက်ပိုင်း ပိတ်သိမ်းခိုင်းခြင်း၊ လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရေးစည်းမျဉ်းကို တင်းကျပ်ခြင်းတို့ဖြင့် တောင်ကိုရီးယားသည် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ထိန်းချုပ်နေရသည်။ သို့သော် ပိတ်ပင်ကန့်သတ်ချက်များကို ပြည်သူများက ဝေဖန်ခဲ့ကြပြီးနောက် စီးပွားရေးလုပ်ငန်းများအား ညအချိန်တွင် ပိတ်သိမ်းခိုင်းသည့်အမိန့်ကို ရုပ်သိမ်းပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်