
အမေရိကန်နိုင်ငံ မီနီဆိုးတားပြည်နယ်ရှိ ဆေးခန်းတစ်ခုအတွင်းတွင် ဖေဖော်ဝါရီ ၉ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။
မီနီဆိုးတားပြည်နယ်၊ ဘက်ဖ်လိုးမြို့တွင် ဖွင့်လှစ်ထားသော Allina Health Clinic ဆေးခန်းသို့ လာရောက်ပြသသော အမျိုးသားတစ်ဦးသည် ကုသမှုကို မကျေနပ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ်သူဟု သံသယရှိသည့် အသက် ၆၇ နှစ်အရွယ် ဂရီဂိုရီအူလ်ရစ် ဆိုသူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၉ ရက် ည ၂၃ နာရီ မိနစ် ၃၀) အချိန်တွင် ဆေးခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းရသည်။
ဒေသတွင်းသတင်းရုပ်သံများတွင် ပြသခဲ့သော ဓာတ်ပုံများ၌ ဆေးခန်း၏ ပြတင်းပေါက်များ အက်ကွဲနေသည်ကို တွေ့မြင်ရသော်လည်း ယင်းသည် ပေါက်ကွဲမှုကြောင့် သို့မဟုတ် သေနတ်ပစ်ခတ်မှုကြောင့် အက်ကွဲခြင်းဟုတ်၊ မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ဆေးခန်းကပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို သူ မကျေနပ်တာက သူ့ သမိုင်းပါ။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြစရာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးကို ဆေးရုံ ပို့ပေးခဲ့ပါတယ်” ဟု ဘက်ဖ်လိုးရဲအရာရှိ ပတ်ဘုဒ်ကီက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အမေရိကန် သတင်းမီဒီယာအများအပြားက ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
ပစ်ခတ်မှုမဖြစ်ပွားမီတွင် ဆေးခန်းအတွင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း ဘုဒ်ကီက ဆိုသည်။
Star Tribune သတင်းစာ၏ ထုတ်ပြန်ချက်အရ သံသယရှိသူသည် ၎င်းဖမ်းဆီးမခံရမီတွင် အခင်းဖြစ်ပွားနေရာ၌ ဗုံးများရှိသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆေးခန်းအဆောက်အအုံအတွင်း ရှာဖွေရာ၌ သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သံသယရှိသူ တည်းခိုနေထိုင်ခဲ့သော ဆေးခန်းအနီးရှိ ဟိုတယ်တွင် အခြားသောသံသယဖြစ်ဖွယ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မျက်မြင်သက်သေတစ်ဦးက “ကျွန်မက ကျွန်မအမေအတွက် ဆေးခန်းမှာ ရက်ချိန်းသွားယူတာပါ။ အဲ့အချိန်မှာ ဆေးခန်းထဲကနေ သူနာပြုနှစ်ယောက် ပြေးထွက်လာပြီးတော့ ဆေးခန်းထဲမှာ သေနတ်ပစ်ခတ်တဲ့ အသံ ၁၁ ကြိမ်လောက် ကြားခဲ့တယ်လို့ ပြောပါတယ်။ သူတို့လည်း အတော်ထိတ်လန့်နေတာဆိုတော့ ဆေးခန်းကနေ ပြေးထွက်လာကြတာ။ နှစ်မိနစ်ခန့်ကြာတော့ ဆေးခန်း အရှေ့ပြတင်းပေါက်တွေ သေနတ်နဲ့ပစ်ခံနေတာကို ကျွန်မတို့ မြင်တွေ့ခဲ့ပါတယ်” ဟု Fox 9 သတင်းဌာသို့ ပြောကြားခဲ့သည်။
ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း သံသယရှိသူသည် ၎င်းတစ်ဦးတည်း စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်