Top News

နော်ဥမ္မာစိုး Patong Fight Night  မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာနှင့် ထိုးသတ်မည်
24htopnews | January 6, 2025 8:12 PM CST

 မြန်မာ့ရိုးရာ အမျိုးသမီးလက်ဝှေ့သမား နော်ဥမ္မာစိုးသည် Patong Fight Night မွေထိုင်းပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဖိုက်တာတစ်ဦးနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

Patong Fight Night မွေထိုင်းပြိုင်ပွဲကို လာမည့်ဇန်နဝါရီ ၉ ရက်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ  ပတ်ထောင်လက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

မြန်မာ့ရိုးရာအမျိုးသမီးလက်ဝှေ့သမား နော်ဥမ္မာစိုးသည် မူလက ယင်းပြိုင်ပွဲတွင် ပိုလန်ဖိုက်တာ ကာရိုလီနာလီဆောဆကာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် နော်ဥမ္မာစိုးနှင့် ထိုးသတ်မည့် ပိုလန်ဖိုက်တာ ကာရိုလီနာလီဆောဆကာမှာ ပြိုင်ပွဲနားနီးမှ နုတ်ထွက်သွားသောကြောင့် ထိုင်းအမျိုးသမီးဖိုက်တာတစ်ဦးနှင့် အစားထိုးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နော်ဥမ္မာစိုးသည် မြန်မာ့ရိုးရာလက်ဝှေ့ကို အခြေချထိုးသတ်ခဲ့သူ ဖြစ်သော်လည်း မွေထိုင်းနှင့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲများကိုလည်း ထိုးသတ်နေသူ ဖြစ်သည်။

နော်ဥမ္မာစိုးသည် လက်ရှိတွင် ထိုင်းနိုင်ငံရှိ နာမည်ကျော်မွေထိုင်းကလပ် Tiger Muay Thai တွင် လေ့ကျင့်နေပြီး မွေထိုင်းပွဲများကို ထိုးသတ်သွားဖွယ်ရှိနေသည်။

နော်ဥမ္မာစိုးသည် ပြီးခဲ့သည့်စက်တင်ဘာအတွင်းက ထိုးသတ်ခဲ့သည့် မွေထိုင်းပွဲတွင် ထိုင်းဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။      


READ NEXT
Cancel OK