Top News

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန် UFC-313 ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ထိုးသတ်မည်
24htopnews | January 6, 2025 8:12 PM CST

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ  ဂျိုရှူအာဗန်သည် UFC-313 ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

UFC-313 ပြိုင်ပွဲကို လာမည့်မတ် ၈ ရက်တွင် အမေရိကန်နိုင်ငံ၊  နီဗားဒါးပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ T-Mobile Arena ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

UFC ပရိုမိုးရှင်းသည် လက်ရှိတွင်  UFC-313 ပြိုင်ပွဲအတွက် တွဲဆိုင်း ၈ ဆိုင်း ထုတ်ပြန်ထားပြီး ယင်းတွဲဆိုင်းများထဲတွင် ဂျိုရှူအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားတို့၏ တွဲဆိုင်း ပါဝင်နေခြင်းဖြစ်သည်။

UFC ၏ လက်ရှိထုတ်ပြန်ထားမှုအရ UFC-313 ပြိုင်ပွဲတွင် Main Card ကို အမျိုးသမီး စတောဝိတ်စိန်ခေါ်ပွဲအဖြစ် ဘရာဇီးလ်ဖိုက်တာ အမန်ဒါလီမို့စ်နှင့် ဘရာဇီးလ်ဖိုက်တာ လက်စ်မင်းလူဆင်ဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

UFC ၏  အမျိုးသမီးစတောဝိတ်တန်းတွင် ဘရာဇီးလ်ဖိုက်တာ အမန်ဒါလီမို့စ်မှာ အဆင့်(၅)၊ ဘရာဇီးလ်ဖိုက်တာ လက်စ်မင်းလူဆင်ဒိုမှာ အဆင့်(၇) နေရာတို့တွင် ရပ်တည်နေသောကြောင့် ယင်းပွဲအနိုင်ရရှိသူမှာ လက်ရှိခန်ပီယံဖြစ်သူ တရုတ်ဖိုက်တာ ကျန်းဝေလီကို စိန်ခေါ်ထိုးသတ်ခွင့်ရဖွယ်ရှိနေသည်။

ဂျိုရှူအာဗန်နှင့် ထိုးသတ်မည့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားသည် အသက် ၃၅ နှစ်ရှိပြီး အရပ် ၅ ပေ ၄ လက်မရှိသောကြောင့် Reach ပိုင်းတွင်  ဂျိုရှူအာဗန်နှင့် ကွာဟမည်မဟုတ်ကြောင်း သိရသည်။

သို့သော် ဘရူနိုဆေးလ်ဗားသည် ပွဲအတွေ့အကြုံပိုင်းတွင် လူငယ်ဖိုက်တာ  ဂျိုရှူအာဗန်ထက် များစွာသာလွန်သူဖြစ်သည်။

ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားသည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၃၅ ပွဲ ထိုးသတ်ထားရာ ၂၃ ပွဲနိုင်၊ ၁၂ ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။

ဘရူနိုဆေးလ်ဗား အနိုင်ရရှိထားသည့် ၂၃ ပွဲတွင် ပွဲ ၂၀ ကို အလဲထိုးဖြင့် အနိုင်ရရှိထားသူဖြစ်၍ လူငယ်ဖိုက်တာ  ဂျိုရှူအာဗန်အတွက် ခက်ခဲနိုင်ဖွယ်ရှိနေသည်။

ထို့ပြင် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဆေးလ်ဗားသည် UFC က လက်ရှိထုတ်ပြန်ထားသည့် ဖလိုင်းဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် အဆင်(၁၃) နေရာ၌ ရှိသူဖြစ်ပြီး  ဂျိုရှူအာဗန်မှာ အဆင့်(၁၅) နေရာ သတ်မှတ်ခံထားရသူဖြစ်သည်။

ဂျိုရှူအာဗန်သည် ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်က အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂတ်စ်မြို့တွင် ကျင်းပသည့် UFC-310 ပြိုင်ပွဲတွင်  အမေရိကန်ဖိုက်တာ ကိုဒီဒါဒန်ကို လက်ရည်အသာဖြင့် အစီးထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရခဲ့သည်။

ဂျိုရှူအာဗန်သည် ယင်းပွဲအနိုင်ရအပြီးတွင် UFC ပရိုမိုးရှင်း၏ အဆင့်သတ်မှတ်ချက်တွင် ဖလိုင်းဝိတ်တန်း၌ အဆင့် (၁၅) နေရာ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဂျိုရှူအာဗန်သည် UFC-310 ပြိုင်ပွဲတွင်  အမေရိကန်ဖိုက်တာ ကိုဒီဒါဒန်ကို အနိုင်ရပြီးနောက် သံဆန်ခါကြိုးဝိုင်းအတွင်းမှနေ၍ မိမိအား ဖလိုင်းဝိတ်တန်း၏  ထိပ်ဆုံး (၅)ဦး (သို့မဟုတ်) အဆင့် (၁၀) အတွင်းမှ ဖိုက်တာများနှင့် ပွဲတည်ပေးရန် UFC အမှုဆောင်အရာရှိချုပ် ဒါနာဝှိုက်ကို တောင်းဆိုခဲ့သည်။ 


READ NEXT
Cancel OK