Top News

စိုးလင်းဦး၊ သန့်ဇင်တို့ ပါဝင်ထိုးသတ်မည့် ONE-170 ပြိုင်ပွဲ၏ တွဲဆိုင်းများ စုံညီစွာထွက်ပေါ်လာပြီး ဇန်နဝါရီ ၂၄ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပမည်
24htopnews | January 6, 2025 8:12 PM CST

 မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စိုးလင်းဦး၊ သန့်ဇင်တို့ ပါဝင်ထိုးသတ်မည့် ONE-170 ပြိုင်ပွဲ၏ တွဲဆိုင်းများ စုံညီစွာထွက်ပေါ်လာပြီး ဇန်နဝါရီ ၂၄ ရက်တွင် ဘန်ကောက်မြို့ရှိ Impact Arena ၌ ကျင်းပမည်ဖြစ်သည်။

ONE-170  ပြိုင်ပွဲတွင် တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်မည်ဖြစ်ပြီး အဓိကခေါင်တွဲဆိုင်းအဖြစ် ဖယ်သာဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ်  ထိုင်းနိုင်ငံသားဖိုက်တာနှစ်ဦးဖြစ်သည့် သာဝမ်ချိုင်းနှင့် ဆူပါဘွန်း၊ ဒုခေါင်တွဲဆိုင်းအဖြစ် ကြားဖြတ် ဘင်မ်တမ်ဝိတ်တန်း  မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် စကော့တလန်နိုင်ငံသား ဖိုက်တာ နီကိုကာရီလိုလ်နှင့် အယ်လ်ဂျီးရီးယား/ထိုင်းဖိုက်တာ နာဘေးလ်၊ ဘင်မ်တမ်ဝိတ် MMA ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် ဘရာဇီးလ်ဖိုက်တာ ဖာဘရီဆီယိုအန်ဒရာဒီနှင့် တောင်ကိုရီးယားဖိုက်တာ ကွန်ဝန်းအီ၊ Catch Weight (၁၄၂) ပေါင်တန်း မွေထိုင်းစိန်ခေါ်ပွဲအဖြစ် ထိုင်းနိုင်ငံသားနာမည်ကြီးဖိုက်တာ ဆက်ဆန်နှင့် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးလင်းဦး၊ လိုက်ဝိတ် MMA  စိန်ခေါ်ပွဲအဖြစ်  ဆွစ်ဇာလန်ဖိုက်တာ မူရစ်အဘီဗီနှင့် ကာဇက်စတန်ဖိုက်တာ စမတ်မာမီဒေါ့ဗ်၊ ဖယ်သာဝိတ်မွေထိုင်းစိန်aခါ်ပွဲအဖြစ် ထိုင်းဖိုက်တာ နာသာဝပ်နှင့် ပြင်သစ်ဖိုက်တာ  ဘမ်ပါရာကိုရိတ်၊ ဖလိုင်းဝိတ် မွေထိုင်းစိန်ခေါ်ပွဲအဖြစ် မလေးရှား/အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီနှင့် ကိုလံဘီယာဖိုက်တာ ဂျိုဟန်အက်စ်တူပီနန်၊ Openweight Submission Grappling စိန်ခေါ်ပွဲအဖြစ် ဘာရာဇီးလ်ဖိုက်တာ မာဆယ်လိုဂါဇီယာနှင့်  ခဂျပန်ဖိုက်တာ မာဆာ ကာဆုအမန်နာရီ၊ Catch Weight (၁၃၄) ပေါင်တန်းမွေထိုင်းစိန်ခေါ်ပွဲအဖြစ် ထိုင်းဖိုက်တာ ဆူရီရန်လက်နှင့် မြန်မာ့ရိုးရာလက်ဝှေ့သမား သန့်ဇင်၊ ဖလိုင်းဝိတ်မွေထိုင်းစိန်ခေါ်ပွဲအဖြစ် အင်္ဂလန်ဖိုက်တာ ဟဂ်ဂါသီနှင့် ဂျော်ဒန်အက်စ်တူပီနန်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ONE-170 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီရန်လက် နှင့် မြန်မာ့ရိုးရာလက်ဝှေ့သမား သန့်ဇင်တို့၏တွဲဆိုင်းမှာ ပွဲစဉ်(၂)၊ ထိုင်းနိုင်ငံသားနာမည်ကြီးဖိုက်တာ ဆက်ဆန်နှင့် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးလင်းဦးတို့၏တွဲဆိုင်းမှာ ပွဲစဉ်(၇) တို့တွင် ပါဝင်နေလျက်ရှိသည်။

ထိုင်းဖိုက်တာ ဆက်ဆန်သည် ONE တွင် ၁၀ ပွဲ ထိုးသတ်ထားရာ ၉ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူဖြစ်ပြီး ၎င်းအနိုင်ရရှိထားသည့် ၉ ပွဲတွင် ၃ ပွဲကို အလဲထိုးအနိုင်ရရှိထားခြင်းဖြစ်သည်။

စိုးလင်းဦးသည် ONE တွင် ၄ ပွဲ ထိုးသတ်ထားရာ ၃ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူဖြစ်ပြီး ၎င်းအနိုင်ရရှိထားသည့် ၃ ပွဲ တွင် ၃ ပွဲစလုံးကို အလဲထိုးအနိုင်ရရှိထားခြင်းဖြစ်သည်။

ထိုင်းဖိုက်တာ ဆူရီရန်လက်သည် ONE တွင် ၉ ပွဲ ထိုးသတ်ထားရာ ၆ ပွဲ နိုင်၊ ၃ ပွဲရှုံးနိမ့်ထားသူဖြစ်ပြီး သန့်ဇင်မှာ ONE တွင် ၃ ပွဲ ထိုးသတ်ထားရာ ၂ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူဖြစ်သည်။


READ NEXT
Cancel OK