Top News

ရုရှားတွင် နိုဝင်ဘာလက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၁,၀၀၀ ကျော်ရှိခဲ့
24htopnews | January 6, 2025 5:12 PM CST

ရုရှားနိုင်ငံတွင် နိုဝင်ဘာလက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၁,၀၀၀ ကျော် ရှိခဲ့ပြီး ယင်းသေဆုံးမှုသည် ကပ်ရောဂါစတင် ဖြစ်ပွားချိန်ကတည်းက သေဆုံးမှုစံချိန်သစ် တစ်ရပ်ဖြစ်လာခဲ့သည်ဟု ရုရှားနိုင်ငံ၏စာ ရင်းအင်းအေဂျင်စီ Rosstat က ဒီဇင်ဘာ ၃၀  တွင် ထုတ်ပြန်ခဲ့သည်။

ယေဘုယျအားဖြင့် ရုရှားတွင် နိုဝင်ဘာလက COVID-19 ကြောင့် သေဆုံးသူပေါင်း ၈၇,၅၂၇ ဦးရှိပြီး ယင်းသေဆုံးမှုဖြစ်စဉ်များ မှ ၅,၉၂၄ ဦးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မယူဆဘဲ ၇၁,၁၈၇ ဦးကိုသာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

ရုရှားအာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပိုမိုများပြားလာအောင် ပြုလုပ်နေသည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

Rosstat က ထုတ်ပြန်သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ကပ်ရောဂါကို တရားဝင်စောင့် ကြည့်လေ့လာသည့် အစိုးရအဖွဲ့က ထုတ်ပြန်သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေထက် အလွန်များပြားနေသည်။

အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ  ရုရှားတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၃၀၇,၉၄၈ ဦးရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၁၁ လကျော်အတွင်း ရုရှား၏ သဘာဝအလျောက် လူဦးရေလျော့ကျမှုသည် ၉၄၅,၀၀၀ ရှိပြီး လွန်ခဲ့သည့်နှစ် ကာလတူက လူဦးရေ လျော့ကျမှု ၅၇၄,၀၀၀ ကျော် ရှိသောကြောင့် ယင်းဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ်လျှင် သေဆုံးသူဦးရေ သိသိသာသာ တိုးပွားလာကြောင်း တွေ့မြင်နိုင်ပေသည်။

ရုရှားနိုင်ငံသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားရသည့် နိုင်ငံဖြစ်ပြီး အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အယုံအကြည်ကင်းမဲ့မှုများကို တွန်းလှန်နိုင်ရန် ကြိုးပမ်းနေကြသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးများကို ထိုးနှံကြရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေသော်လည်း ကာကွယ်ဆေး နှစ်လုံးအပြည့် ထိုးနှံပြီးသူ ၄၅ ရာခိုင်နှုန်းသာ ရှိသည်။

မကြာသေးခင် လပိုင်းအတွင်း ရုရှားသည် ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ စံချိန်တင်မြင့်တက်မှုနှင့် ရင်ဆိုင်နေသည်။ လက်ရှိတွင်အာဏာပိုင်များသည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကြောင့်ကူးစက်မှုလှိုင်းအသစ်နှင့် ကြုံတွေ့ နေကြသည်။

နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့ကို ဦးဆောင်သည့် ဒုတိယဝန်ကြီးချုပ် တက်ယာနာ ဂိုလီကိုဗာက ရုရှားနိုင်ငံ၏ သေဆုံးမှုနှုန်းသည် လွန်ခဲ့သည့်နှစ်ထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယင်းမှာ COVID-19  ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့က ထုတ်ပြန်သည့် သေဆုံးသူဦးရေနှင့် Rosstat က ထုတ်ပြန်သည့် သေဆုံးသူဦးရေ ကွာခြားချက်မှာ ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့သည် အဓိက COVID-19 ကြောင့် သေဆုံးသည့်ဖြစ်စဉ်နှင့် ဆေးဘက်ဆိုင်ရာမှ ရရှိသည့် သေဆုံးကြောင်း အချက်အလက်များကိုသာ အတည်ပြုခြင်းကြောင်းဖြစ်သည်။

Rosstat ကမူ ဗိုင်းရပ်စ်နှင့် ဆက်နွှယ်နေသည့် သေဆုံးမှုဖြစ်စဉ်အားလုံးကို ထည့်သွင်း သတ်မှတ်ပြီး သေဆုံးကြောင်း နောက်ဆုံးအတည်ပြုထားသည့် ပြည်သူ့စာရင်းအချက်အလက် ကောက်ယူရေးရုံးများမှ အရေအတွက်ကို ရယူ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK