
ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေပြီး ဒီဇင်ဘာ ၃၁ ရက်က တစ်ရက်အတွင်း လူနာသစ် ၁၆ သိန်းကျော်နှင့် သေဆုံးသူ ၅၆၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် ဒီဇင်ဘာ ၃၁ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၁၆၃၂၈၂၄ ဦးနှင့် သေဆုံးသူ ၅၆၂၇ ဦးရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း၂၈၈၄၅၂၂၄၈ ဦးရှိပြီး သေဆုံး သူ ၅၄၅၂၆၇၂ ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း၂၅၃၆၆၆၅၄၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် နိုဝင်ဘာလက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၁၀၀၀ ကျော်ရှိခဲ့ပြီး ယင်းသေဆုံးမှုသည် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက သေဆုံးမှု စံချိန်သစ်တစ်ရပ်ဖြစ်လာခဲ့သည်ဟု ရုရှားနိုင်ငံ၏ စာရင်းအင်းအေဂျင်စီ Rosstat က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယေဘုယျအားဖြင့် ရုရှားတွင် နိုဝင်ဘာလက COVID-19 ကြောင့် သေဆုံးသူပေါင်း ၈၇၅၂၇ ဦးရှိပြီး ယင်းသေဆုံးမှုဖြစ်စဉ်များ မှ ၅၉၂၄ ဦးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မယူဆဘဲ ၇၁၁၈၇ ဦးကိုသာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
ရုရှားအာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပိုမိုများပြားလာအောင် ပြုလုပ်နေသည်ဟု စွပ်စွဲမှုများနှင့်ရင်ဆိုင်နေရသည်။
Rosstat က ထုတ်ပြန်သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ကပ်ရောဂါကို တရားဝင် စောင့်ကြည့်လေ့လာသည့် အစိုးရအဖွဲ့က ထုတ်ပြန်သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေထက် အလွန်များပြားနေသည်။
အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ ရုရှားတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၃၀၇၉၄၈ ဦးရှိသည်ဟုဆိုသည်။
လွန်ခဲ့သည့် ၁၁ လကျော်အတွင်း ရုရှား၏ သဘာဝအလျောက် လူဦးရေလျော့ကျမှုသည် ၉၄၅,၀၀၀ ရှိပြီး လွန်ခဲ့သည့်နှစ် ကာလတူက လူဦးရေလျော့ကျမှု ၅၇၄၀၀၀ ကျော်ရှိသောကြောင့် ယင်းဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ် လျှင် သေဆုံးသူဦးရေ သိသိသာသာ တိုးပွားလာကြောင်း တွေ့မြင်နိုင်ပေသည်။
ရုရှားနိုင်ငံသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားရသည့်နိုင်ငံဖြစ်ပြီး အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အယုံအကြည်ကင်းမဲ့မှုများကို တွန်းလှန်နိုင်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးများကို ထိုးနှံကြရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေသော်လည်း ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးသူ ၄၅ ရာခိုင်နှုန်းသာရှိသည်။
မကြာသေးခင်လပိုင်းအတွင်း ရုရှားသည် ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ စံချိန်တင်မြင့်တက်မှုနှင့် ရင်ဆိုင်နေသည်။ လက်ရှိတွင် အာဏာပိုင်များသည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ကူးစက်မှုလှိုင်းအသစ်နှင့် ကြုံတွေ့နေကြသည်။
နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့ကို ဦးဆောင်သည့် ဒုတိယဝန်ကြီးချုပ် တက်ယာနာဂိုလီကိုဗာက ရုရှားနိုင်ငံ၏ သေဆုံးမှုနှုန်းသည် လွန်ခဲ့သည့်နှစ်ထက် ၁၇ ရာ ခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယင်းမှာ COVID-19 ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့က ထုတ်ပြန်သည့် သေဆုံးသူဦးရေနှင့် Rosstat က ထုတ်ပြန်သည့် သေဆုံးသူဦးရေ ကွာခြားချက်မှာ ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့သည် အဓိက COVID-19 ကြောင့် သေဆုံးသည့်ဖြစ်စဉ်နှင့် ဆေးဘက်ဆိုင်ရာမှ ရရှိသည့် သေဆုံးကြောင်း အချက်အလက်များကိုသာ အတည်ပြုခြင်းကြောင့်ဖြစ်သည်။
Rosstat ကမူ ဗိုင်းရပ်စ်နှင့် ဆက်နွှယ်နေသည့် သေဆုံးမှုဖြစ်စဉ်အားလုံးကို ထည့်သွင်းသတ်မှတ်ပြီး သေဆုံးကြောင်းနောက်ဆုံးအတည်ပြုထားသည့် ပြည်သူ့စာရင်းအချက်အလက် ကောက်ယူရေးရုံးများမှ အရေအတွက်ကို ရယူ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်