Top News

ယခုသီတင်းပတ်ကုန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဇယ်လန်စကီနှင့် ဖုန်းပြောဆိုဆွေးနွေးမည်
24htopnews | January 6, 2025 5:12 PM CST

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီတို့သည် ဇန်နဝါရီ ၂ ရက်တွင် ဖုန်းပြောဆို ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှစ်ဖက်လုံးက အတည်ပြု ထုတ်ပြန်ခဲ့သည်။

 ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်မည်ဆိုပါက ပြင်းထန်သည့် တုံ့ပြန်မှုမျိုးနှင့် ရင်ဆိုင်ရမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ထပ်မံသတိပေးခဲ့ပြီးနောက်တွင် အမေရိကန်-ယူကရိန်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးသွားမည်ဖြစ်သည်။

မိမိအနေဖြင့် လူသိရှင်ကြား ဆွေးနွေးညှိနှိုင်းမည်မဟုတ်ဘဲ ယူကရိန်းကို ကျူးကျော်၍ မရနိုင်ကြောင်း သမ္မတပူတင်ကို ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟုလည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဒယ်လာဝဲပြည်နယ်၊ ဝီလ်မင်တန်မြို့၌ သတင်းထောက်များကို မှတ်ချက်ပေးပြောဆိုခဲ့ရာတွင်လည်း သမ္မတဘိုင်ဒင်က ရုရှား အနေဖြင့် ယူကရိန်းကို ကျူးကျော်ခဲ့မည်ဆိုလျှင် မိမိတို့ဘက်က ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်မည်ဖြစ်ကာ ဥရောပတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဖြန့်ကြက် ထားရှိမှုကို တိုးမြှင့်သွားမည်ဟု သမ္မတ ပူတင်ကို သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၂၆ ရက်က အိမ်ဖြူတော် တာဝန်ရှိသူ တစ်ဦးနှင့် ယူကရိန်းသမ္မတ ဇယ်လန်စကီတို့၏ ဖုန်းပြောဆိုမှုတွင်လည်း ယူကရိန်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို အမေရိကန်က ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း သမ္မတ ဘိုင်ဒင်၏ ထပ်လောင်းအတည်ပြုချက်ကို ထည့်သွင်းပြောကြားခဲ့ပြီး ယူကရိန်း နယ်စပ်အနီးတွင် ရုရှားက စစ်အင်အားတိုးမြှင့် ဖြန့်ကြက်ထားမှုနှင့် အခြေအနေ တင်းမာနေမှုကို လျှော့ချရန် သံတမန်နည်းအရ စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရေးနှင့် စပ်လျဉ်း ပြီး ပြင်ဆင်နေမှုများကို ပြန်လည်သုံးသပ်ခဲ့သည်ဟု သိရသည်။

ယူကရိန်း၏ ငြိမ်းချမ်းရေးနှင့် ဥရောပလုံခြုံရေးအတွက် မိမိတို့၏ စီမံဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ညှိနှိုင်းဆွေးနွေးရန် စောင့်မျှော်လျက်ရှိကြောင်း ယူကရိန်းသမ္မတက တွစ်တာမှ ရေးသားခဲ့သည်။

ရုရှားသည် ဆိုဗီယက် နယ်မြေဟောင်းဖြစ်သည့် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု အမေရိကန်နှင့် ဥရောပ မဟာမိတ်နိုင်ငံများက စွပ်စွဲထားသည်။ ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့သည့် ခရိုင်းမီးယား ကျွန်းဆွယ် အပါအဝင် နယ်စပ်တစ်လျှောက်တွင် ရုရှားက တပ်ဖွဲ့ဝင်အင်အား တစ်သိန်းခန့် ဖြန့်ကြက်ခဲ့သည်။

ရုရှားအစိုးရကမူ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နေတိုးအုပ်စု၏ အင်အားချဲ့ထွင်လာမှုကို ကာကွယ်ရန် ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုထားသည်။

ဒီဇင်ဘာ ၃၁ ရက်က နေတိုးအကြီးအကဲ ဂျန်စ်စတိုလ်တန်ဘာ့ဂ်နှင့် ဆွေးနွေးခဲ့ပြီးနောက်တွင် ယူကရိန်း အရေး နှင့်ပတ်သက်၍ လေးလေးနက်နက် စေ့စပ်ဆွေးနွေးမှုများတွင် ပါဝင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ရုရှားအစိုးရကို တိုက်တွန်းခဲ့သည်။

သီတင်းပတ် သုံးပတ်ကျော်အတွင်း ဒုတိယအကြိမ် ပြုလုပ်ခဲ့သည့် သမ္မတဘိုင်ဒင်နှင့် သမ္မတ ပူတင်တို့အကြား မိနစ် ၅၀ ကြာ ဖုန်းပြောဆိုမှုတွင် သံတမန်နည်းလမ်းအရ ထပ်မံကြိုးပမ်းမှုကို ထောက်ခံကြောင်း ခေါင်းဆောင် နှစ်ဦးလုံးက အရိပ်အမြွက် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်မည် ဆိုပါက ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှု များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်က အကြိမ်ကြိမ် သတိပေးထားသည်။


READ NEXT
Cancel OK