
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က အီသီယိုပီးယား၊ မာလီနှင့် ဂီနီနိုင်ငံ တို့ကို အမေရိကန်-အာဖရိက ကုန်သွယ်ရေး သဘောတူညီချက်မှ ဖယ်ထုတ်ကြောင်း ဇန်နဝါရီ ၁ ရက်က ကြေညာခဲ့ပြီး ယင်းနိုင်ငံများမှ အစိုးရများသည် သဘောတူညီမှုပါဝင်သည့် စည်းကမ်းများကို ချိုးဖောက်ခဲ့ကြောင်း ပြော ကြားခဲ့သည်။
“ဒီနေ့မှာတော့ အမေရိကန်ဟာ အီသီယိုပီးယား၊ မာလီနဲ့ ဂီနီနိုင်ငံတွေကို AGOA ကုန်သွယ်ရေး ဦးစားပေးအစီအစဉ်ကနေ ဖယ်ထုတ်လိုက်ပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံတွေရဲ့ အစိုးရတွေဟာ AGOA သဘောတူညီချက်ကို ချိုးဖောက်နေလို့ ဖြစ်ပါတယ်”ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) က အစီရင်ခံစာထုတ် ပြန်ခဲ့သည်။
အာဖရိက ဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်း အက်ဥပဒေ (AGOA) ကို အမေရိကန်နှင့် အာဖရိကအကြား ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန်နှင့် စည်းကမ်းများသတ်မှတ်ရန် ၂၀၀၀ ပြည့်နှစ်က သမ္မတဟောင်း ဘီကလင်တန် အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် အမေရိကန်သည် ဂီနီနှင့် မာလီအစိုးရများတွင် ဖွဲ့စည်းပုံ နှင့်မညီသည့် အပြောင်းအလဲများအတွက် အလွန်စိုးရိမ်ကြောင်းနှင့် အီသီယိုပီးယား နိုင်ငံတွင်လည်း တီဂရေးဒေသ၌ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အစိုးရတပ်ဖွဲ့များနှင့် အခြားအဖွဲ့များသည် နိုင်ငံ တကာက အသိအမှတ်ပြုထားသည့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စိုးရိမ်ကြောင်း USTR က ဆိုသည်။
ယင်းတစ်နိုင်ငံချင်းစီတွင် မူလအခြေအနေကို ပြန်လည်ထိန်းသိမ်းရန် တိကျသည့် စံသတ်မှတ်ချက်များရှိပြီး ယင်းရည်ရွယ်ချက်ကို ရောက်ရှိစေရန် ယင်းအစိုးရများနှင့် အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု USTR က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
AGOA သဘောတူညီချက်အရ ထောင်နှင့်ချီသည့် အာဖရိက ထုတ်ကုန်များသည် အခွန်နှုန်းသက်သာစွာဖြင့် အမေရိကန်သို့ တင်ပို့နိုင်သည်။သို့သော်လည်း လူ့အခွင့်အရေး၊ အစိုးရ၏ အုပ်ချုပ်ပုံနှင့် အလုပ်သမား များအပေါ် အကာအကွယ်ပေးမှုတွင် ကောင်းမွန်သည့် အခြေအနေများရှိမှသာ ယင်းသဘောတူညီချက်ထဲတွင် ပါဝင်မည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်က အာဖရိက နိုင်ငံ ပေါင်း ၃၈ နိုင်ငံသည် AGOA သဘောတူ ညီချက်ထဲတွင် ပါဝင်ခဲ့သည်ဟု USTR ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ယင်းသဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် အမေရိကန်လွှတ်တော်က အဆင့်မြှင့်တင်ခဲ့ပြီး သဘောတူညီချက်ကို ၂၀၂၅ ခုနှစ် အထိသက်တမ်းတိုးခဲ့သည်။
လက်ရှိတွင် အီသီယိုပီးယားနိုင်ငံ၌ ၁၃ လကြာဖြစ်ပွားနေသည့် တီဂရေးစစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရေးအတွက် နိုင်ငံတကာ၏ဖိအားများ အောက်တွင် အမျိုးသားအဆင့် ဆွေးနွေးညှိ နှိုင်းမှုပြုလုပ်ရန် ကော်မရှင်တစ်ရပ်တည် ထောင်ရေး ဥပဒေမူကြမ်းကို အီသီယိုပီးယား လွှတ်တော်အမတ်များက အတည်ပြုခဲ့သည်။
အီသီယိုပီးယား ဖက်ဒရယ် ပါလီမန်တွင် ယင်းဥပဒေမူကြမ်းကို ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ ၂၈၇ မဲ၊ ဆန့်ကျင်မဲ ၁၃ မဲရှိခဲ့ပြီး လွှတ်တော်အမတ်တစ်ဦးမှာ မဲမပေးဘဲ လက်ရှောင်ခဲ့သည်။
ယင်းကော်မရှင်သည် အစောပိုင်းတွင် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး သို့မဟုတ် အိုရိုမို လွတ်မြောက်ရေး စစ်တပ်တို့နှင့် ထိ တွေ့ဆွေးနွေးဦးမည်မဟုတ်ဘဲ အခြားအဖွဲ့အစည်းများနှင့် ဦးစွာ ဆွေးနွေးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်