Top News

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် နောက်ဆုံးအကြိမ် ကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယားသမ္မတ ကတိပြု
24htopnews | January 6, 2025 5:12 PM CST

မိမိ၏ လက်ကျန်သမ္မတ သက်တမ်းကို အသုံးချပြီး မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး တိုးတက်မှုရရှိစေရန် တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဘက်ကမူ ကိုရီးယား နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးကြေညာရန် သမ္မတ မွန်းဂျေအင်း၏ ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိသေးပေ။

“မိမိတို့ အစိုးရအနေနဲ့ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့နဲ့  နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်ရှိစေဖို့ ကြိုးပမ်းလုပ် ဆောင်သွားမှာဖြစ်ပါတယ်” ဟု မေလတွင် ငါးနှစ်တာ ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် သမ္မတ မွန်းဂျေအင်းက ၎င်း၏ နောက်ဆုံး နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နောက်တက်မည့် အစိုးရလက်ထက်တွင်လည်း အပြန်အလှန် စေ့စပ်ဆွေးနွေးရေး ကြိုးပမ်းမှုများ ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ နှစ်သစ်မိန့်ခွန်းတွင်မူ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း တရားဝင်ကြေညာရေးအတွက် တောင်ကိုရီးယား သမ္မတ၏ တိုက်တွန်း မှုကိုသာမက အမေရိကန်နှင့် နျူကလီးယား အရေးဆွေးနွေးမှုများ ရပ်ဆိုင်းနေမှုနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိပေ။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် စေ့စပ်ဆွေးနွေးမှုများ အကြိတ်အနယ် လုပ်ဆောင်ခဲ့သည့် ကာလအတွင်း သမ္မတ မွန်းဂျေအင်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ပြုံယမ်းတွင် တစ်ကြိမ် အပါအဝင် ထိပ်သီးဆွေးနွေးပွဲ အများအပြား ပြုလုပ်ခဲ့သည်။ သို့ရာတွင် နျူကလီးယား လက်နက်များ စွန့်လွှတ်ရန် နိုင်ငံတကာက တောင်းဆိုမှုနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေး ရန်နှင့် အခြားသော ရန်လိုသည့် မူဝါဒများကို စွန့်လွှတ်ရန် မြောက်ကိုရီးယားဘက်က ပြန်လည် တောင်းဆိုမှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်ဆွေးနွေးမှုများ ရပ်ဆိုင်းသွားခဲ့သည်။

သမ္မတ မွန်းဂျေအင်းသည် ရပ်ဆိုင်းနေသည့် ဆွေးနွေးမှုများကို အရှိန်မြှင့်ရန် ရည်ရွယ်လျက် ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာနိုင်ရေးကို တွန်းအားပေး လုပ်ဆောင်လျက်ရှိကာ ၎င်း၏ အစိုးရကလည်း လူသိ ရှင်ကြား မဟုတ်သည့် ဆွေးနွေးမှုများ ပြုလုပ် သွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောဆို ထားသည်။

မြောက်ကိုရီးယားဘက်ကမူ တောင်ကိုရီးယား၏ လတ်တလော ကြိုးပမ်းမှုများကို လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိသေးပေ။ အမေရိကန် အစိုးရက အဆိုပါ စိတ်ကူးကို ထောက်ခံသော်လည်း ချိန်ကိုက်ဖြစ်မှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနိုင်သည်ဟုဆိုသည်။

“ရှေ့ဆက်သွားဖို့ အဝေးကြီးလိုနေသေးတယ်ဆိုတာ မှန်ကန်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက်လည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်” ဟုလည်း သမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါ ကာလသည် နှစ်နိုင်ငံ လိပ်ခဲတည်းလည်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လွှမ်းမိုးထားခဲ့သည်။                 


READ NEXT
Cancel OK