Top News

အမေရိကန်သမ္မတမှ ချီးမြှင့်သော အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို မတက်ရောက်နိုင်ခြင်းအပေါ် မက်ဆီ ရှင်းလင်း
24htopnews | January 6, 2025 3:12 PM CST

 

အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အမေရိကန်သမ္မတ ဘိုင်ဒန် ချီးမြှင့်သည့် Presidental Medal of Freedom ဆုပေးပွဲသို့ မတက်ရောက်နိုင်ခြင်းမှာ အချိန်ဇယားပြဿနာကြောင့် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

Presidental Medal of Freedom မှာ အမေရိ ကန်နိုင်ငံတွင် ပြည်သူများ ရရှိနိုင်သည့် အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပြီး အမေရိကန်သမ္မတကိုယ်တိုင် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘိုင်ဒန်သည် ၂၀၂၅ ခုနှစ် Presidental Medal of Freedom ဆုအတွက် လူပုဂ္ဂိုလ် (၁၉) ဦးကို ရွေးချယ်ခဲ့ပြီး ယင်းထဲတွင် အားကစားလောကမှ နာမည်ကျော်ဘောလုံးသမား မက်ဆီနှင့် ဘတ်စကက်ဘောဂန္ထဝင် Magic ဂျွန်ဆင်တို့ ပါဝင်ခဲ့သည်။ မက်ဆီအနေဖြင့် ကွင်းအတွင်း အောင်မြင်မှု၊ အမေရိကန်ဘောလုံးလောကကို တိုးတက်အောင် လုပ်ပေးနိုင်မှုနှင့် ကွင်းပြင်ပ လူမှုရေးလုပ်ငန်းများတွင် ပါဝင်မှုများကြောင့် Presidental Medal of Freedom ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အမေရိကန်သမ္မတ ဘိုင်ဒန်သည် Presidental Medal of Freedom ဆုပေးပွဲကို ဇန်နဝါရီ (၄) ရက်(စနေ နေ့)က အိမ်ဖြူတော်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယင်းပွဲကို မက်ဆီ တက်ရောက်ခဲ့ခြင်းမရှိရာ သမ္မတ ဘိုင်ဒန်အပေါ် မလေးမစားလုပ်သည်ဟု ဝေဖန်မှုအချို့လည်း ရှိခဲ့သည်။ ယခုအခါ မက်ဆီ၏အဖွဲ့က ဆုပေးပွဲကိုမတက်ရောက်နိုင်ခဲ့ခြင်းကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

မက်ဆီအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် "မက်ဆီအနေဖြင့် Presidental Medal of Freedom ဆုရရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကို အကြောင်းကြားခဲ့ပြီး FIFA က ဒီဇင်ဘာလကုန်ပိုင်းတွင်မှာ (အင်တာမိုင်ယာမီ)ကလပ် အသင်းထံ အကြောင်းကြားခဲ့ကြောင်း၊ လီယို(မက်ဆီ)အနေဖြင့် Presidental Medal of Freedom ဆုကို ရရှိသည့်အတွက် အလွန်ဂုဏ်ယူကြောင်းနှင့် ယခုကဲ့သို့ အသိအမှတ် ပြုခံရခြင်းမှာ ကြီးကျယ်ခမ်းနားသည့် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း၊ သို့သော် မက်ဆီအနေဖြင့် ကနဦးစီစဉ်ထားသည့် အချိန်ဇယားပြဿနာကြောင့် ဆုပေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ဟု အိမ်ဖြူတော်ထံ ကလပ်အသင်းမှတစ်ဆင့် စာပို့ခဲ့ကြောင်း၊ မက်ဆီအနေဖြင့် သမ္မတ၏ အသိအမှတ်ပြုမှုအပေါ် အလွန်ကျေးဇူးတင်နေပြီး အနာဂတ်တွင် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့်တွေ့ဆုံခွင့်ရရန် မျှော်လင့်နေကြောင်း"ဖော်ပြပါရှိသည်။ 

အသက် (၃၇)နှစ်အရွယ်ရှိ အာဂျင်တီးနာဂန္ထဝင် မက်ဆီသည် ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ခဲ့ပြီး အမေရိကန်တွင် ဘောလုံးအပေါ် စိတ်ဝင်စားမှုမြင့်တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ မက်ဆီသည် Ballon d'Or (၈) ကြိမ်ထိ စံချိန်ထားသလို၊ ကမ္ဘာ့ဖလားအပါအဝင် ဆုဖလားအများဆုံးရရှိထားသည်။ 


READ NEXT
Cancel OK