Top News

မူလလက်ဟောင်း မန်စီးတီးအသင်း ပြန်မလာသေးကြောင်း နည်းပြ ဂွါဒီယိုလာ ပြောကြား
24htopnews | January 6, 2025 2:12 AM CST

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဝက်စ်ဟမ်းအသင်းအား ၄-၁ ဂိုးဖြင့် အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲအပြီးတွင် မူလလက်ဟောင်း မန်စီးတီးအသင်း ပြန်မလာသေးကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ရလဒ်အဆိုးရွားဆုံးကာလကို ဖြတ်သန်းပြီးနောက် နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် နှစ်ပွဲဆက် ပြန်အနိုင်ရခဲ့ခြင်းဖြစ်သည်။ သို့သော် နည်းပြ ဂွါဒီယိုလာက လက်ရှိအခြေအနေကို ကျေနပ်ခြင်းမရှိဘဲ မူလအဆင့်သို့ ပြန်လည်ရောက်ရှိရန် ခရီးရှည်ဖြတ်သန်းရဦးမည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ 

"ကျွန်တော်တို့အဆင့်ကို နှစ်ပေါင်းများစွာ တွေ့မြင်ခဲ့ကြပြီးပြီ။ အခု ကျွန်တော်တို့အဆင့်ကို မရောက်သေးပါဘူး။ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ အရမ်းပျော်ပါတယ်။ ဒါက ကျွန်တော်တို့ကို အကူအညီ ဖြစ်စေမှာပါ။ ဒါပေမဲ့ အများပြည်သူကတော့ ကျွန်တော်တို့ကို ရလဒ်တွေနဲ့ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့စွမ်းဆောင်ရည်က မကောင်းပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ချိန်မှာ ကစားတာကောင်းတာကို သိပါတယ်။ မူလလက်ဟောင်း မန်စီးတီးအသင်း ပြန်လာပြီလားလို့တော့ ကျွန်တော့်ကို မမေးကြပါနဲ့။ ပွဲကိုကြည့်ဖြစ်ရင် ကျွန်တော်တို့ ပြန်မလာသေးပါဘူး။ ဒီလိုပြိုင်ဘက်အသင်းတွေနဲ့ ပွဲတွေမှာ နှစ်များစွာ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရမယ်။ ကျွန်တော်တို့ အဲဒီအဆင့် မရောက်သေးပါဘူး။ အဲဗာတန်နဲ့ သရေကျတဲ့ပွဲက ကျွန်တော်တို့ အခုပွဲ ကစားတာထက် ပိုကောင်းပါတယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ယင်းပွဲတွင် ဝက်စ်ဟမ်းနောက်ခံလူ ကူဖယ်လ် ၏ Own Goal ၊ ဟာလန်း(နှစ်ဂိုး)၊ ဖိုဒန် (တစ်ဂိုး)တို့၏ဂိုးများနှင့်အတူ လေးဂိုးပြတ် ဦးဆောင်ထားပြီးမှ ၇၁ မိနစ်တွင် ဖယ်ခု၏ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရခြင်းဖြစ်သည်။ သို့သော် ဝက်စ်ဟမ်းအသင်းက ယင်းဂိုးရပြီးနောက် မန်စီးတီးဘက်သို့ နောက်ထပ်ဂိုးများ သွင်းယူနိုင်သည့် အခွင့်အလမ်းများလည်း ရရှိခဲ့သည်။


READ NEXT
Cancel OK