Top News

နည်းပြဖြစ်သူအား ထုတ်ပယ်ခဲ့ပြီးနောက် ပိုင်ရှင်ဖြစ်သူ အမ်ဘာပေအား ကိန်းအသင်းပရိသတ်များ ဆန့်ကျင်ဆန္ဒပြ
24htopnews | January 6, 2025 2:12 AM CST

 

ပြင်သစ်လီဂူး-၂ကလပ် ကိန်းအသင်းသည် နည်းပြဖြစ်သူ နီကိုးလက်စ်ဆယ်ဘယ် အား ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် အသင်းပရိသတ်များက မကျေမနပ်ဖြစ်ကာ ပိုင်ရှင် အမ်ဘာပေအား ဆန့်ကျင်ကန့်ကွက်သည့် စာတန်းများချိတ်ဆွဲကာ ကွင်းအတွင်း ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေ ပိုင်ဆိုင်သည့် Interconnected Ventures ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်သည့် Coalition Capital နှင့် ပူးပေါင်းပြီး ပြီးခဲ့သည့်နွေရာသီက ကိန်းအသင်းရှယ်ယာအများစုကို ဝယ်ယူခဲ့ခြင်းလည်းဖြစ်သည်။  

အမ်ဘာပေသည် ကိန်းအသင်းအား ဝယ်ယူမှုအတွက် ကိုယ်ပိုင်ငွေထဲမှ ယူရို ၁၅ သန်း ထည့်ဝင်မြှုပ်နှံခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကိန်းအသင်းသည် ယခုရာသီတွင်  ရုန်းကန်နေရပြီး လီဂူး-၂ ပြိုင်ပွဲ၌ ၁၇ ပွဲကစားရာ ၁၀ ပွဲအထိ အရေးနိမ့်ကာ အမှတ်ပေးဇယားအောက်ဆုံးမှ တတိယနေရာသို့ ရောက်ရှိနေခဲ့သည်။ 

ရလဒ်ဆိုးများကြောင့် ကိန်းအ သင်းတာဝန်ရှိသူများသည် နည်းပြဖြစ်သူ ဆယ်ဘယ်အား ဒီဇင်ဘာလ ၂၉ ရက်က ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကို အသင်းပရိသတ်အများစုက ကျေနပ်ခြင်းမရှိဘဲ ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သော ကလယ်မွန့်နှင့်ပွဲတွင် စာတန်းများ ချိတ်ဆွဲကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။  

အမ်ဘာပေသည် အသက် ၁၃ နှစ်သားအရွယ်က ကိန်းအသင်းသို့ ရောက်ရှိရန် အလွန်နီးစပ်ခဲ့ဖူးကြောင်း သိရသည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ကိန်းအသင်း လီဂူး-၂ သို့ တန်းဆင်းသွားခဲ့သောကြောင့် သဘောတူညီချက် ပျယ်ပြယ်ခဲ့ခြင်းဖြစ်သည်။ အမ်ဘာပေသည် ကိန်းအသင်းအစား မိုနာကိုအကယ်ဒမီသို့ ပြောင်းလဲတက်ရောက်ခဲ့ပြီး ယင်အသင်းတွင်ပင် သူ၏နာမည်ကျော်ကစားသမားဘဝကို စတင်ခဲ့သည်။


READ NEXT
Cancel OK